DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စိုက်စရိတ်ချေးငွေ ပြန်ဆပ်ရန် ကျပ်သိန်း ၅၀၀၀ ကျော် ကျန်ရှိနေ
DVB
·
November 10, 2017
စစ်ကိုင်းတိုင်းတွင် စိုက်စရိတ်ချေးငွေ ပြန်ဆပ်ရန် ကျပ်သိန်း ၅၀၀၀ ကျော် ကျန်ရှိနေ
Donate to DVB

စစ်ကိုင်းတိုင်းမှာ ၄ နှစ်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို တောင်သူတွေ စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ဖို့ ငွေကျပ်သိန်းပေါင်း ၅ ထောင်ကျော် ကျန်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တောင်သူတွေကို ချေးငွေလုံလောက်စွာရရှိစေရေး၊ ချေးငွေအချိန်မီရရှိစေရေး၊ ချေးငွေအပြည့်အဝ ပြန်လည်ကောက်ခံရရှိရေး၊ ငွေစုဆောင်းခြင်းဖြင့် လယ်သမားအတွက် အရင်းအနှီးရရှိစေရေး၊ ကြွေးမြီကင်းရှင်းသော လယ်သမားဘဝ ထူထောင်နိုင်ရေးနဲ့ ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်နိုင်ရေး စတဲ့ ရည်မှန်းချက် ၆ ရပ်နဲ့ နှစ်စဉ် ချေးငွေတွေကို ဘဏ်က ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။

တနှစ်ကို မိုးကြို၊ မိုး၊ ဆောင်းဆိုပြီး  ၃ ကြိမ်ထုတ်ချေးပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ချေးငွေပြန်မဆပ်တာရှိတဲ့အတွက် အခက်အခဲတွေလည်း ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ ၄ နှစ်တာကာလအတွင်း ဘဏ်ခွဲပေါင်း ၁၁ ခုကနေ တောင်သူတွေဆီကို ချေးငွေအမျိုးအစား ၁၂ မျိုးမှာ ငွေကျပ်သိန်းပေါင်း ၆၉၃၈၈၇ ဒသမ ၁၂ ကျပ်သိန်းကို ထုတ်ချေးပေးခဲ့ပြီး အဲဒီထဲက ပြန်ဆပ်ငွေကျပ်သိန်းပေါင်း ၆၈၈၇၄၄ ဒသမ ၅၁ ကျပ်သိန်းပြန်လည်ရရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်မဆပ်တာ ငွေကျပ်သိန်းပေါင်း ၅၁၄၂ ဒသမ ၆၁ ကျပ်သိန်းရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့ ရုံးစစ်သွားရင်း လိုအပ်ရင် ကွင်းဆင်းစစ်ဆေးကြည့်တယ်။ ကြွေးစာရင်းမှာ တောင်သူနာမည်နဲ့ အမှန်တကယ်ကျန်နေတာလားဆိုတာ ရွာမှသွားတွေ့တယ်။ ဘာကြောင့်ကျန်တာလဲ။ အမှန်တကယ်သီးနှံပျက်စီးလို့ဆိုရင် လယ်သမားမှာ ကျန်တာ မှန်တယ်လို့ သုံးသပ်လို့ရတယ်။ ဒါပေမယ့် ခေါ်တာလာမတွေ့ဘူးဆိုရင် ရုံးကပဲမှားတာလား၊ တာဝန်မရှိတဲ့သူတွေက ဖြတ်သုံးထားပြီးတော့ အလွဲသုံးစားလုပ်တာလားဆိုတာ စဉ်းစားရတယ်။ တကယ့်တကယ် ရွာစဉ်ပေါက် တဦးချင်းလိုက်စစ်ထုတ်ပြီးတော့ စစ်ဆေးရင် ဒီထက်မက များဦးမှာ။ ပြန်မဆပ်တဲ့အတွက်ကတော့ တောင်သူတွေမှာပဲ နစ်နာတာပေါ့။ ဒီနှစ်မဆပ်ရင် နောက်နှစ် ချေးမရတော့ဘူးလေ” လို့ တိုင်းလယ်ယာဖွံ့ဖြိုးရေးဘဏ်က လ/ထ မန်နေဂျာ ဦးစိုးလွင်က ပြောပါတယ်။

လက်ရှိမှာလည်း ချေးငွေပြန်မဆပ်တဲ့ကိစ္စနဲ့ ပုလဲမြို့နယ်က တောင်သူ ၄ ဦးကိုလည်း တရားစွဲဆိုထားပါတယ်။ ကနီမြို့နယ်မှာလည်း တရားစွဲဆိုဖို့ဆောင်ရွက်နေပြီး ထီးချိုင့်မြို့နယ်က တောင်သူအပါအဝင် ၁၀ ဦးကိုလည်း တရားစွဲဆိုဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ချေးငွေစိစစ်ရေးအဖွဲ့ ဖွဲ့စည်းပုံမှာက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ မြေတိုင်းစာရေး၊ ကျေးလက်စိုက်ပျိုးရေးမန်နေဂျာတို့က အဖွဲ့ဝင်၊ ရွာက ရွေးချယ်တဲ့ အစုအဖွဲ့က ရွေးလိုက်တဲ့ ကိုယ်စားလှယ်က အတွင်းရေးမှူးဆိုပြီး ဖွဲ့စည်းထားပါတယ်။

ထီးချိုင့်မြို့နယ်က ကိစ္စဆိုရင် အတွင်းရေးမှူးဟောင်း ၄ ယောက်က ငွေကျပ်သိန်း ၅၂၀ ဒသမ ၉၀ ၊ ဖွဲ့စည်းပုံမှာမပါတဲ့ ရွာခွဲတာဝန်ခံဆိုတဲ့ ၄ ဦးက ၅၄၈ ဒသမ ၃၀ ကျပ်သိန်း၊ ရွာသား ၂ ဦးက ၃၀၂ ဒသမ ၄၃ သိန်းကို အလွဲသုံးစားလုပ်လို့ တရားစွဲဖို့ ညွှန်ကြားထားတယ်လို့သိရပြီး ၄ နှစ်အတွင်း ကြွေးကျန်အများဆုံးကလည်း ထီးချိုင့်မြို့နယ်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ တောင်သူတွေကို ချေးငွေထုတ်ချေးရာမှာ ဝိုင်းကြီးချုပ်စနစ်နဲ့ ထုတ်ချေးပေးနေတာပါ။

အဲဒီဝိုင်းကြီးချုပ်စနစ်နဲ့ပတ်သက်ပြီး တောင်သူတွေကတော့ နစ်နာမှုတွေရှိတယ်ဆိုပြီး ကန့်ကွက်တာတွေလည်းရှိပါတယ်။ တိုင်းဒေသကြီးလွှတ်တော်မှာလည်း အဲဒီကိစ္စကို မေးခွန်းမေးမြန်းတာတွေလည်းရှိပါတယ်။

“ခက်တာက တောင်သူတွေကိုလည်း ယုံလို့က မရဘူးဗျ။ ဝိုင်းကြီးချုပ်စနစ်အရ ဥပမာ ဦးဖြူက ကြွေးကျန်လို့ စည်းကမ်းအရ မချေးဘူး ချန်ထားခဲ့တယ်။ သူနဲ့ပူးတွဲပြီးပါတဲ့ လူ ၂ ယောက်လည်း ဖယ်ထားလိုက်တယ်ဆိုရင် အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ရိုးသားတဲ့လူက ချေးခွင့်ပေးပါဆိုပြီး တောင်းတယ်။ တချို့ကျတော့မဟုတ်ဘူး။ တချို့အဖွဲ့အစည်းတွေနဲ့ပေါင်းစပ်ပြီး ဦးဖြူနဲ့ကျန်ရင် ဒေါ်နီနာမည်နဲ့ ပုံစံ ၇ ထွက်လာရင်လည်း ထပ်ပြီးတော့ အသစ်ချေးနိုင်အောင် လုပ်တာ။ ရသွားပြီဆိုရင် ဦးဖြူနာမည်နဲ့ အကြွေးက မဆပ်တော့ဘူး။ ဆိုလိုတာကတော့ ယောက်ျားနာမည်နဲ့ ကြွေးကျန်ရင် မိန်းမနာမည်နဲ့ ထုတ်လို့ရအောင် လုပ်တာတွေလည်း ရှိကောင်းရှိလာနိုင်တယ်။ ဆိုတော့ ဘဏ်ခွဲမန်နေဂျာတွေက စိတ်ဝင်တစားနဲ့ ဒီကြွေးဘယ်လိုရအောင် လုပ်မလဲဆိုရင်တော့ ဒီကြွေးက ကျန်မှာမဟုတ်ဘူး” လို့ တိုင်းလယ်ယာဖွံ့ဖြိုးရေး ဘဏ်က လ/ထ မန်နေဂျာ ဦးစိုးလွင်က ဒီဗွီဘီကိုပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပြန်ဆပ်ရန်ကျန်ရှိနေသေးတဲ့ ကြွေးတွေနဲ့ပတ်သက်လို့ အမြန်ဆုံးပြန်လည်ရရှိအောင် ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

၂၀၁၇ ခုနှစ်အတွက်လည်း စစ်ကိုင်းတိုင်းအတွင်းမှာ မိုးကြို၊ မိုးသီးနှံတွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ငွေကျပ်သိန်းပေါင်း ၂၂၁၉၂၉.၄၅ ကျပ်သိန်း ထုတ်ချေးပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တောင်သူတွေကို လယ်အတွက် တစ်ဧကကို ၁ သိန်းကျပ်၊ ယာအတွက် ၅ သောင်းကျပ် ထုတ်ချေးပေးနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013