DVB Logo
Home
မြန်မာသတင်း
တပ်မတော်စစ်ကြောင်းနှင့်မှားယွင်းပြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
DVB
·
November 9, 2017
တပ်မတော်စစ်ကြောင်းနှင့်မှားယွင်းပြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
1 / 3
Donate to DVB

 

တပ်မတော်စစ်ကြောင်းနဲ့ မှားယွင်းပြီး ရက္ခိုင်တပ်မတော် (AA) တပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့ရပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီပေးနေသူတွေတဦးက ပြောပါတယ်။

"ဖြစ်တာက နှုံးဘူးကြီးနဲ့ ငရှားကြားမှာဖြစ်တာပါ။ ချင်းလက်ဝက ပြန်လာတဲ့ ကုန်တင်စက် လှေပါ။ လူငါးယောက်ပါတယ်ဗျ။ အဲ့ဒီလှေကို AA က လှမ်းပစ်တာ။ စက်လှေမှာလိုက်လာတဲ့ GTI ကျောင်းသားတယောက်က သေတယ်။ အမျိုးသမီး ၃ ယောက်က ဒဏ်ရာရတယ်။ မိန်းမကြီး တွေပါ၊ လူကြီးတွေပါ။ ပလက်ဝဆေးရုံကို ပို့ပေးထားရတယ်။ စစ်တပ်ကလှေတွေလည်း သွားနေတာရှိတော့ မှားပြီးပစ်တာ ဖြစ်နိုင်တယ်။ တပ်ကလှေတွေလည်း အပစ်ခံရတာတွေ ရှိတယ်။ ထိခိုက်တာတွေရှိတယ်။ ဘယ်လောက်လဲတော့ အတိအကျမသိသေးဘူး" လို့ ကူညီပေးနေသူ ကိုကျော်ခင်က ပြောပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခ ကတော့ တပ်မတော်ကချီတက်လာတဲ့ စက်လှေကြားထဲမှာ ပါလာတာကြောင့် ထိခိုက်သွားတာလို့ ပြောပါတယ်။

“အဲ့ဒီစက်လှေက ဗမာ့တပ်မတော်စစ်ကြောင်းတွေ ချီတက်လာတဲ့ ကြားထဲမှာ ပါလာတာဗျ။ အဲ့ဒီမှာ ကျနော်တို့ အထူးတိုက်ခိုက်ရေးစစ်ကြောင်းတွေက ဖြတ်ပြီးတော့ ပစ်တဲ့အခါကျတော့ အရပ်သားလှေက ကြားထဲမှာ ပါသွားတာ။ ဆိုတော့ ဗမာ့တပ်မတော်က ပစ်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ဘက်က ပစ်တဲ့ ကျည်ဆန်ထိတာလည်း ဖြစ်နိုင်တယ်။ ဘယ်သူ့ ကျည်ဆန် ထိတယ်ဆိုတာကတော့ ပြောဖို့ တော်တော်ခက်တယ်ဗျ။”

ရက္ခိုင့်တပ်မတော်အနေနဲ့ အဲ့ဒီဒေသဘက်မှာ တိုက်ပွဲဖြစ်နိုင်လို့ အရပ်သားတွေ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက သတိပေးစာ ထုတ်ထားတယ်လို့လည်း ပြောပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာ ပြန်လည်ဖြစ်ပွားလာခဲ့တဲ့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန် လာမှာ စိုးရိမ်နေကြပြီး နိုဝင်ဘာ ၈ ရက်နေ့မနက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ပစ်ခတ်မှုဟာ မြို့နဲ့နီးကပ်လာ နေတဲ့အတွက် အခက်အခဲတွေ ပိုမိုဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။ ဒီ့အပြင် စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာနိုင်တဲ့အတွက် အကူအညီပေးဖို့ အခက်အခဲတွေဖြစ်လာမှာလည်း စိုးရိမ်စရာဖြစ်လာနေတယ်လို့ သိရပါတယ်။

"တိုက်ပွဲဖြစ်တာတော့ တော်တော်လေးကြာပြီ၊ အခုဖြစ်တဲ့နေရာက ပလက်ဝမြို့နဲ့တောင် တော်တော်လေးနီးကပ်တဲ့ နေရာဖြစ်ပါတယ်။ လူထုတွေရှိတဲ့နေရာမှာ လာဖြစ်တော့ သွားရ လာရတာ စိတ်လုံခြုံမှုမရှိဘူး။ တော်တော်စိုးရိမ်မှုရှိကြပါတယ်။ တောင်ယာစပါးရိတ်မယ့်အချိန် ဆိုတော့ ယာတွေကို ပစ်ထားရတော့မယ့် အခြေအနေဖြစ်လာတယ်။ သူတို့ရဲ့ စားဝတ်နေရေး အကြပ်တွေ့နေတဲ့ မိသားစုတွေများလာပြီ။ တိုက်ပွဲဖြစ်တဲ့နားက ရွာတွေဆိုရင် ထွက်ပြေးလာနေရပြီ သုံးရွာလောက် ထွက်ပြေးလာနေပြီ။" လို့ ကိုကျော်ခင်က ပြောပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ ခူမီး၊ ဇိုမီး၊ ရခိုင်စတဲ့လူမျိုးတွေ နေထိုင်ကြပြီး ဒေသခံတွေအချင်းချင်း ပြသနာ မရှိဘူးပေမယ့် အခုလို ပလက်ဝမြို့နယ်ထဲမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာတာကို ဒေသခံတွေက မနှစ်သက်သလို ငြိမ်းချမ်းစေချင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပလက်ဝဒေသခံ ကိုကျော်အောင်က "ကျနော်တို့ ပလက်ဝလူထုရဲ့ အဓိက လိုလားချက် ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ကိုယ့်ရဲ့ စီးပွားရေး၊ အလုပ်အကိုင်ကို လုပ်ကိုင်ပြီး နေချင်တယ်။ တိုက်ပွဲတွေဖြစ်လာတော့ လုံခြုံမှုမရှိသလို ဖြစ်နေတယ်။ ကျနော်တို့က တိုင်းရင်းသားအချင်းချင်း အမုန်းပွားစရာတွေ မရှိစေချင်ဘူး။ အတူတူပဲ အေးအေးဆေးဆေး ဖြစ်စေချင်တဲ့ ဆန္ဒပဲရှိပါတယ်" ပြောပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်း ရက္ခိုင့်တပ်မတော် AA နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ ရှိလာခဲ့ပြီး စိုက်ပျိုးတဲ့ သီးနှံဆုံးရှုံးမှုတွေနဲ့ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။ အခု နိုဝင်ဘာထဲမှာ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်အဖြစ် ချင်းလက်ဝကျေးရွာကို တိမ်းရှောင်လာသူ မိသားစု ၆၀ ကျော်၊ လူဦးရေ ၃ဝဝ ကျော် ရောက်ရှိနေပြီလို့ သိရပါတယ်။

သတင်း - ကိုအောင် ၊ ဓာတ်ပုံ - ခူမီးမီဒီယာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013