DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ဆိုင်ကယ်နှင့်ခရီးသည်တင်ယာဉ်တိုက်မိ၊ မြန်မာအလုပ်သမား ၂ ဦး သေဆုံး
DVB
·
November 9, 2017
ထိုင်းတွင် ဆိုင်ကယ်နှင့်ခရီးသည်တင်ယာဉ်တိုက်မိ၊ မြန်မာအလုပ်သမား ၂ ဦး သေဆုံး
Donate to DVB

 

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ အလုပ်သမား ၂ ဦး စီးလာတဲ့ ဆိုင်ကယ်နဲ့ ကမ္ဘာလှည့်ခရီးသည်တင် နှစ်ထပ်ကားတိုက်မိပြီး  အဆိုပါ မြန်မာလုပ်သား ၂ ဦးလုံး သေဆုံးသွားတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ညနေ ၂ နာရီခွဲ လောက်က ဘန်ကောက် - ဟွာဟင်သွား ကားလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းပို့ချက်ရရှိတဲ့အတွက် အခင်းဖြစ်ပွား ရာနေရာကို သွားကြည့်ရာမှာ  ကမ္ဘာလှည့်ခရီးသည်တင် အဲကွန်း ၂ ထပ်ကားရှေ့အောက်မှာ ပျက်စီးနေတဲ့ အနီရောင်ဟွန်ဒါဝေ့ဖ် ဆိုင်ကယ်တစ်စီးတွေ့ရှိပြီး အဲဒီနဲ့ မနီးမဝေးမှာ လွှင့်စင်လဲကျနေတဲ့ အသက် ၂၀ ကျော်ရွယ် လူငယ် ၂ ဦး သေဆုံးနေတာကို တွေ့ရတယ်လို့ ပရမ်ပူရီနယ်မြေရဲစခန်း ဒုရဲအုပ် ကွန်းချဝမ်း ကျန်ဆီရီက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူ ၂ ဦးမှာ ပရမ်ပူရီမြို့ရှိ သစ်သီးစည်သွပ်လုပ်ငန်း စက်ရုံက မြန်မာအလုပ်သမား ကိုအောင် နဲ့ ကိုတင်ခိုင်ဆိုသူတို့ဖြစ်ပြီး သူတို့အလောင်းတွေ ဆေးစစ်ဖို့အတွက် ပရမ်ပူရီမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ခရီးသည်တင်ကားမောင်းသမား နိုင်းဝုဒ်ထိ ဘန်နန်းရဲ့ ပြောပြချက်အရ သူဟာ ဘန်ကောက်က ခရီးသည်တွေကို ဟွေဟင်ကို ပို့ဆောင်ပေးပြီး ပရမ်ပူရီမြို့အပြန် နောက်က လိုက်လာတဲ့ ဆိုင်ကယ်တစ်စီးက သူ့ရှေ့က ယာဉ်တစ်စီးကို ဘေးချင်းယှဉ်ကျော်တက်လာပြီး သူ့လမ်းကြောင်းကို ပြန်မမောင်းတဲ့အတွက် သူ့ကားကြီးမှာ ရုတ်တရက်ဘရိတ်အုပ်ခဲ့ကြောင်း ဒါပေမယ့်လည်း ယာဉ်တိုက်မှုဖြစ်သွားခဲ့တာလို့ တာဝန်ရှိ ရဲတွေကို ပြောသွားပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားပုံကို စီစီကင်မရာကနေ ပြန်လည်ကြည့်ရှုစစ်ဆေးရာမှာလည်း မြန်မာလုပ်သား ၂ ဦးဟာ ထိုင်းစစ်တပ်ရှေ့လမ်းမှာကတည်းက အရှိန်နဲ့မောင်းနှင်နေပြီး လမ်းတွေကို ဘယ်ညာကျောက်တက်မောင်းနှင်နေခဲ့တယ်လို့ ပရမ်ပူရီနယ်မြေရဲစခန်း ဒုရဲအုပ်က ပြောသွားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013