
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ သင်နီးတောကျေးရွာမှာ နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြေလင်းရဲကင်းမှူး ရဲအုပ်ထွန်းသာဝေက ပြောပါတယ်။
မြေလင်း ရဲကင်းမှ ရဲအုပ်ထွန်းသာဝေ ဦးဆောင်တဲ့အဖွဲ့၊ သင်နီးတော ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တို့နဲ့ အတူ စောင့်ဆိုင်းနေချိန် ကညင်ကုန်းကျေးရွာကနေ သင်နီးတော ကျေးရွာကို ဆိုင်ကယ်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ လူတဦးကို သက်သေခံ မူးယစ်ဆေးဝါးများနဲ့အတူ ရှာဖွေ တွေ့ရှိ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး ဘိန်းဖြူ တခွက်လျှင် ၁၀ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ဖြာခွက် ၁၂ ခွက် စုစုပေါင်း အလေးချိန် ၁၂၀ ဂရမ် ကာလတန်ဘိုး ငွေကျပ်သိန်း ၁၂၀ လောက်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရာမှာ အသုံးပြုတဲ့ DT ဆိုင်ကယ် တစီးကို ဖမ်းမိခဲ့တာပါ ။
ပင်လည်ဘူးမြို့မရဲစခန်းက မူးယစ်ဆေးဝါး သယ်ဆောင်လာသူ သန်းကျော်ကို မူး/စိတ် ပုဒ်မ ၁၅/၁၉ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သီဟဆွေ (ကသာ)











