DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေးစီမံကိန်း ကန့်ကွက်သည့် ၀တ်ပြုဆုတောင်းပွဲလာ လူ ၃၀၀ ကျော် တားဆီးခံရ
DVB
·
November 8, 2017
ကျောက်မီးသွေးစီမံကိန်း ကန့်ကွက်သည့် ၀တ်ပြုဆုတောင်းပွဲလာ လူ ၃၀၀ ကျော် တားဆီးခံရ
Donate to DVB

 

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကန့်ကွက်တဲ့ ၀တ်ပြု ဆုတောင်းပွဲပြုလုပ်ပြီး ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းကို လာရောက်တဲ့ ဒေသခံ ဆရာတော်နဲ့ လူအင်အား ၃၀၀ ကျော်ခန့် စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ် ၁၂ စီးကို ခရိုင်ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။

နိုဝင်ဘာ ၇ မနက် ၁၀ နာရီလောက်က ဘားအံမြို့နယ် ၀တ်ကြီးကျေးရွာအုပ်စု သုံးအိမ် ကျေးရွာအထွက် ဘားအံ-ကမမောင်းလမ်းမကြီးပေါ်မှာ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူး ဦးဇော်ဝင်း ဦးစီးတဲ့ အဖွဲ့က တားဆီးခဲ့တာပါ။

ကရင်မြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ စောသာဘိုး က “အပြန်မှာမှ ရွာထိပ် အ၀မှာ ၀င်ဖမ်းတာဗျ။ ပထမဆုံးကား ၃ စီးကို ပိတ်တယ်။ ကားသော့တွေ ယူတယ်။ ကားသော့ တွေ ယူတော့ ကျနော်တို့က လာမေးတယ်။ ဘာကြောင့် ဖမ်းသလဲ။ ဘာကြောင့်လဲဆိုတာ သူတို့က ပြောတာ ဒီဆုတောင်းပွဲနဲ့ မဆိုင်ပါဘူးတဲ့။ ဒီက ရှောင်တခင် ၀ပ်စ်သောက် ဖမ်းတာပါတဲ့။ ရှောင်တခင် ၀ပ်စ်သောက်ဖမ်းတာပါဆိုရင် လမ်းမှာဖြတ်သွားတဲ့ကားတွေ အများကြီး တွေ့တယ်ဗျ။ အဲဒီ ၀ပ်စ်သောက်တွေကျ မဖမ်းဘူးဗျ။ ဒီဆုတောင်းပွဲ အ၀တည့်တည့်က ထွက်လာတဲ့ ကားမှန်သမျှကို တားတယ်။ ဖမ်းတယ်။ အဲလိုပုံစံမျိုးလုပ်တယ်။ လုပ်တဲ့အခါကျတော့ ကျနော်တို့ မြင်တာကတော့ ဒီဆုတောင်းတာကို တမင်တကာခြိမ်းခြောက်တာ ဖိနှိမ့်တာပေါ့”လို့ ပြောပါတယ်။

ကရင်ပြည်နယ်နေ့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော် ဒုသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီး ခရီးစဉ်တွေကြောင့် လုံခြုံရေးအရ မော်တော်ယာဉ်တွေကို တားဆီးဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီးက ပြောပါတယ်။

ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက “ကျနော်တို့ လက်ရှိ ၇ ရက်နေ့က စပြီး ၆ ရက်ပွဲခင်းကာလ အတောအတွင်းမှာ နိုင်ငံတော်ဒုသမ္မတကြီးလည်း လာတယ်။ ပြည်ထောင်စုအဆင့် ၀န်ကြီးတွေ လည်းလာတော့ လုံခြုံရေးကိုကျနော်တို့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့ဆိုပြီးတော့ ၀န်ကြီးချုပ် နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ ညွှန်ကြားထားတယ်။ ဒီလို ညွှန်ကြားတဲ့နေရာမှာ မနေ့ကဖြစ်သွားတဲ့ အဖြစ်အပျက် အွန်းလိုင်း ပေါ်မှာ တွေ့ရတဲ့အချိန်မှာ ဒါကလည်း ကျေးရွာသူ ကျေးရွာတွေရဲ့ အမြင်ပေါ့”လို့ ပြောပါတယ်။

သုံးအိမ်ကျေးရွာ ချမ်းအေးလင်းမြိုင်ကျောင်း ဆရာတော်ဦးတေဇနိယ က “တားဆီးခံရတာ မဟုတ်ဘူး။ သူတို့က ဖမ်းကိုဖမ်းတာ။ သော့ပါ အကုန်သိမ်းတယ်။ ဦးဇင်းတို့ပွဲကို ဒီလိုမျိုး ဆုတောင်းပွဲကိုလာကျတဲ့ ဒီနယ်တစ်ဝိုက်က ဒကာတွေကို ဒီလိုမျိုး ကားအဖမ်းခံရတယ်ဆိုတော့ ဦးဇင်းတို့ စိတ်မကောင်းပါဘူး။ အဲဒါ ဦးဇင်းတို့အနေနဲ့ မဖမ်းစေချင်ဘူးပေါ့။ လွတ်လပ်ခွင့် တန်းတူအခွင့်အရေးတော့ ရှိစေချင်တာပေါ့။ ဒီလိုမျိုးလာပြီးတော့ တစ်ဖက်သပ် အနိုင်ယူ အနိုင်ကျင့်တာကတော့ ဦးဇင်းတို့က မဖြစ်သင့်ဘူးလေ။ ဦးဇင်းတို့ကား ၀ပ်စ်သောက်ကား အကြောင်းပြပြီးတော့ ဒီက ဆုတောင်းပွဲလာတဲ့သူကို ကားပဲဖမ်းတယ်။ ကျန်တဲ့ လမ်းမပေါ်က ၀ပ်စ်သောက်တွေကျတော့သူတို့ မဖမ်းပြန်ဘူး။ အဲဒါကျတော့ တရားမျှတမှုမရှိဘူး”လို့ မိန့်ကြားပါတယ်။

အဆိုပါ ၀တ်ပြုဆုတောင်းပွဲကို သတ္တ၀ါတွေ အေးချမ်းပြီး အမြဲတမ်း ရှင်သန်နေထိုင်နိုင်ဖို့၊ တောတောင်ရေမြေတွေ သဘာဝအတိုင်း ရှင်သန်နိုင်ဖို့နဲ့ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းဖို့အတွက်ရည်ရွယ် ပြုလုပ်တာလို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီး မနက် ၁၁ နာရီခန့်မှာ ဒေသခံဆရာတော်တွေနဲ့ ကျေးရွားသူ ကျေးရွာသား ၁၀၀ ကျော်ခန့်က ဘားအံမြို့ကို လိုင်စင်ရှိ မော်တော်ယာဉ်တွေနဲ့ ဆက်လက်ထွက်ခွာလာခဲ့ရာမှာ သံလွင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်မှာ ဆက်လက် စစ်ဆေးခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဆုတောင်းပွဲကို မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)က ဦးဆောင်ပြုလုပ်ဖြစ်ပြီး နိုင်ဝင်ဘာ ၆ ရက်နေ့ ညနေ့ ၄ နာရီလောက်က ပြည်နယ်ပွဲအတွင်း သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ အမှတ်တရ အင်္ကျီအရောင်းဆိုင်မှာ အစိမ်းရောင်အနာဂတ်ကို မီးလောင်းတိုက်သွင်းခြင်း ခေါင်းစဉ်နဲ့ ရေးသား ထားတဲ့ လက်ကမ်းစာစောင်တွေကို ပုံနှိပ်ထုတ်ဝေဖြန့်ချိဖို့ ကြိုးစားခဲ့တဲ့အတွက် မြို့နယ် စုပေါင်းရုံးမှာ (MATA)တာဝန်ရှိသူတွေကို ခေါ်ယူသတိပေးခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013