DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ တရားမ၀င် အလုပ်သမားများ ပို့ဆောင်မည့် အမျိုးသမီး ၂ ဦး အဖမ်းခံရ
DVB
·
November 8, 2017
ထိုင်းသို့ တရားမ၀င် အလုပ်သမားများ ပို့ဆောင်မည့် အမျိုးသမီး ၂ ဦး အဖမ်းခံရ
Donate to DVB

 

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားပေါ်ကနေ ထိုင်းနိုင်ငံထဲ တရားမ၀င် အလုပ်သမား အယောက် ၃၀ တင်သွင်းမယ့် အမျိုးသမီး ၂ ယောက်ကို တာဝန်ရှိသူတွေက ဖမ်းဆီးအရေးယူ ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က မြ၀တီချစ်ကြည်ရေးတံတားပေါ်မှာ တာဝန်ရှိသူတွေက ထိုင်းဘက်ခြမ်းကူးမယ့်သူတွေကို စစ်ဆေးနေစဉ် ယာယီနယ်စပ်ဖြတ်ကျော် (ဘော်ဒါပတ်စ်) လက်မှတ်နဲ့ ထိုင်းနိုင်ငံထဲ ၀င်ရောက်လုပ်ကိုင်မယ့် အလုပ်သမား ၃၀ ကို တွေ့ရှိပြီး သူတို့ကို ခေါ်ဆောင်လာတဲ့ အမျိုးသမီး ၂ ဦး ဖမ်းဆီးအရေးယူခံနေရတာလို့ ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားကွန်ရက်(MMNT) အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်က ရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်နေတာဆိုတော့ မြ၀တီက လ၀ကတို့ လူကုန်တားရဲတို့နဲ့ အမြဲဆက်စပ်သိရှိရတာပေါ့။ ဖြစ်ပုံက ပြီးခဲ့တဲ့ ၆ ရက်နေ့က ထိုင်းဘက်ခြမ်း ၀င်မယ့်သူတွေ စိစစ်တဲ့အခါ  ထိုင်းထဲခဏတဖြုတ်လည်ပတ်ဖို့  လုပ်ပေးထားတဲ့ ဘော်ဒါပတ်စ် လက်မှတ်ကိုင်ဆောင်တဲ့ သူတို့အဖွဲ့က အလည်အပတ်သွားမယ့်သူတွေနဲ့ မတူဘဲ အထုတ်အပိုး တွေနဲ့ မသင်္ကာစရာအနေအထားရှိတော့ မြန်မာနိုင်ငံ လူကုန်တားရဲတွေနဲ့ လ၀ကတွေ၊ အလုပ်သမားသံအရာရှိ ဦးအောင်ခင်မြင့်ကို လှမ်းခေါ်၊ လှမ်းခေါ်ပြီး စစ်ဆေးမေးမြန်းတဲ့အခါမှာ တော့ အလုပ်သွားလုပ်မယ်ဆိုတာ ပေါ်လာတာပေါ့။ သူတို့ကို ခေါ်လာတဲ့ လူပွဲစား ၂ ယောက်ပါ လက်ရဖမ်းမိတာပေါ့။ အဲဒီကိစ္စကို ဒီကနေ့မှာ မြ၀တီမှာရှိတဲ့ ရဲဌာနကနေပြီးတော့ ပွဲစား ၂ ယောက်ကို မြန်မာနိုင်ငံလူကုန်ကူးမှုအက်ဥပဒေနဲ့  တရားစွဲလိုက်ပြီ။”

ပွဲစားက အလုပ်သမားတွေကို  ထိုင်းဘက်ခြမ်းမှာ အလုပ်ကောင်းကောင်း သွင်းပေးမယ် ဆိုပြီး တဦးကို ကျပ် ၈ သိန်းစီကောက်ခံခဲ့ကြောင်း၊  အခုဖမ်းမိတာ အယောက် ၃၀ သာရှိပေမယ့် ထိုင်းကို ပို့ဆောင်မယ့်သူ စုစုပေါင်း ၁၀၇ ယောက် ရှိတယ်လို့ သူကဆက်ပြောပါတယ်။

အဆိုပါ ပွဲစား ၂ ဦးမှာ ပဲခူးမြို့နယ် ပျဉ်ပုံကြီးရွာမှ ဒေါ်ဝါ၀ါဝင်းနဲ့ မြ၀တီမြို့က ဒေါ်ထား ဆိုသူတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချွန်လွှာအရ မြန်မာပြည်က အလုပ်သမားတွေအနေနဲ့ ထိုင်းဘက်ခြမ်းကို လိုအပ်တဲ့ စာရွက်စာတမ်းတွေ လျှောက်ထားပြီး လွတ်လပ်စွာသွားရောက် လုပ်ကိုင်လို့ရပါလျှက်နဲ့ အခုလို ပွဲစားတွေကနေတဆင့် သွားရတာဟာ အများအားဖြင့် ကျေးလက် တောရွာမှာ နေထိုင်ပြီး သတင်းအချက်အလက်မှန်မရသူ၊ အချို့မှာ တရားဝင်နဲ့သွားရင် အေဂျင်စီ ထံ လက်ငင်းပေးရမယ့် ကျပ် ၂ သိန်း ၆ သောင်း မရှိလို့  နောက်မှ အရစ်ကျပြန်ဆပ်နိုင်တဲ့ ပွဲစားနဲ့ သွားကြောင်း၊ တချို့လည်း ထိုင်းမှာအလုပ်လုပ် အိမ်ခဏပြန်စဉ် ရွာကလူတွေ ထပ်ခေါ်ခဲ့ကြောင်း၊ ထိုင်းထဲရောက်သွားရင် ပွဲစားတွေက အကျင့်ပျက်ဝန်ထမ်းတွေနဲ့ ပေါင်းပြီး စာရွက်စာတမ်း အတုတွေနဲ့  အလုပ်သွင်းပေးတာလို့ ဦးမိုးကြိုးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013