DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ကန်တော်မင်္ဂလာ အမှိုက်အညစ်အကြေးများ ပြန်လည်ဆယ်ယူရေး စတင်
DVB
·
November 8, 2017
မြိတ်မြို့ကန်တော်မင်္ဂလာ အမှိုက်အညစ်အကြေးများ ပြန်လည်ဆယ်ယူရေး စတင်
Donate to DVB

 

မြိတ်မြို့ရှိအထင်ကရ ရေကန်ကြီးတခုဖြစ်တဲ့ ကန်တော်မင်္ဂလာ မပျက်စီးအောင် ထိန်းသိမ်းနိုင်ဖို့အတွက် အမှိုက်အညစ်အကြေးတွေ ပြန်လည်ဆယ်ယူဖို့ အတွက် ရှေ့ပြေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ပြီဖြစ်ကြောင်း သိရပါတယ်။

မြိတ်မြို့လယ်ခေါင်မှာရှိတဲ့ ကန်တော်မင်္ဂလာရေကန်ကြီးမှာ ဒိုက်တွေ၊ အနည်တွေနဲ့ ရေဆိုးတွေကြောင့် ပြန်လည်ဆယ်ယူရမယ့် အနေထားဖြစ်နေပြီး အခုနိုဝင်ဘာလအတွင်း ဆယ်ယူဖို့ အဖွဲ့အစည်းတွေက စတင်လေ့လာနေပြီဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ စတင်လုပ်ဆောင်တဲ့ ရှေ့ပြေးလုပ်ငန်းတွေမှာ ရေဆိုးပါဝင်မှု၊ ငါးမျိုးစိတ်၊ ငှက်မျိုးစိတ် နေထိုင်ကျက်စားမှု၊ သစ်ပင်အမျိုးအစားတွေ ပါဝင်နေမှု တူးဖော်မယ့် အပိုင်းတွေ ဘယ်လိုစတင်လုပ်ဆောင်မယ်ဆိုတာ လေ့လာမှု လုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။

"ရေရှည်ဆက်လက်တည်ရှိနေဖို့ အင်မတန်အရေးကြီးပါတယ်။ ကျနော်တို့ကတော့ မြိတ်ခရိုင်အတွင်းက တာဝန်ရှိလူကြီးတွေ၊ အသင်းအဖွဲ့တွေနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေး တိုင်ပင်မှုတွေ လုပ်ရဦးမှာပါ။ ရေကန်ဘောင်မှာရေငှက် ၂၂ မျိုး၊ ကုန်းငှက် ၁၇ မျိုးရှိတယ်လို့ မှတ်တမ်းတင်ထားပြီးပါပြီ။ ကျန်တဲ့ ငါးမျိုးစိတ်၊ လိပ်မျိုးစိတ်တွေ ဘယ်လောက်ရှိသလဲ ဆိုတာ သုတေသနလုပ်ရဦးမယ်။ ၁၅ ရက်လောက် သုတေသနလုပ်ပြီးရင်တော့ ဘယ်လောက်ရှိသလဲလို့ ကျနော်ပြောပါ့မယ်။ ကန်ရဲ့သက်တမ်းကတော့ သက်တမ်း ၂၀၀ ရှိပြီး၊ အကျယ်အ၀န်းက ၂၆ ဧကလောက်ရှိပါ့မယ်"လို့ မြိတ်တက္ကသိုလ်သတ္တဗေဒဌာနမှ ဆရာဦးစိုးနိုင်က ပြောပါတယ်။

ကန်တော်မင်္ဂလာတူးဖော်ဖို့အတွက် မြို့နေလူထုက စိတ်ဝင်စားနေကြပြီး ကန်ကြီးကို ရှေးမူမပျက်တူးဖော်၊ ပတ်ဝန်းကျင်ပျက်စီးတာတွေ မဖြစ်ပေါ်ဖို့ လိုလားနေကြပါတယ်။

"မင်္ဂလာကန်ကိုတူးဖော်ဖို့ မြိတ်တမြို့လုံးက စိတ်ဝင်စားကြပါတယ်။ သမိုင်းဝင်ကန်လည်း ဖြစ်တယ်။ မြန်မာတနိုင်ငံလုံးမှာလည်း မြို့လယ်မှာကန်ရှိတဲ့မြို့က ၂၀ လောက်ပဲရှိတယ်။ အနားယူနိုင်တဲ့ ဧရိယာကလည်း မြိတ်မှာ ၂ ရာခိုင်နှုန်းပဲရှိတယ်။ ဒီမင်္ဂလာကန် အပါအ၀င် ဂေါက်ကွင်းတွေရောပေါ့။ လက်ရှိ အနားယူအပန်းဖြေနိုင်တဲ့နေရာတွေကို စနစ်တကျ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ထားတဲ့တွက် ကျနော့်အနေနဲ့ နည်းပညာပိုင်းမှာ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးနေပါတယ်။ တူးဖော်တဲ့ နေရာမှာလည်း အစိုတူးဖော်တဲ့စနစ်၊ အခြောက်တူးဖော်တဲ့ စနစ်ဆိုပြီး ရှိပါတယ်။ ဘာကို အကောင်းဆုံးလုပ်သင့်သလဲဆိုတာ ဆွေးနွေးရမှာပါ။ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်သမားတွေကလည်း ၀ိုင်းဝန်း အကြံပြု နေပါတယ်။ ဒါတွေလုပ်ဆောင်ပြီးမှ တိတိကျကျပြောနိုင်မှာပါ။ အဲဒါတွေပြီးရင် တူးဖော်တဲ့ အပိုင်းကို လုပ်ဆောင်မှာပါ" လို့ အင်ဂျင်နီယာဦးအောင်မျိုးလတ်က ပြောပါတယ်။

သမိုင်းဝင်ကန်ကြီးဖြစ်တဲ့အတွက် မဖြစ်မနေ ထိန်းသိမ်းရမှာ ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ မှလည်း ငွေကြေးကူညီပေးဖို့ ကတိပြုထားသလို မြို့ခံလုပ်ငန်းရှင်တွေကလည်း နည်းပညာပိုင်း၊ ငွေကြေးပိုင်းတွေ ၀ိုင်းဝန်းကူညီဖို့ အဆိုပြုထားသလို လက်ရှိလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013