
မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနနဲ့ မြို့နယ်ဦးစီးမှူးတို့ သစ်ဖမ်းဆီးရေးအဖွဲ့ဟာ နိုဝင်ဘာ ၇ ရက်နေ့က မင်းကင်းမြို့နယ် မြောက်ချွန်းကျေးရွာအနီးတောထဲက အင်အပါဝင် သစ် တန်ပေါင်း ၁၂ တန်ကျော် ဖမ်းဆီးမိခဲ့ပြီး ပိုင်ရှင်ကို စုံစမ်းနေတယ်လို့ မင်းကင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးချစ်သန်းထွန်းက ပြောပါတယ်။
“နယ်မြေရှင်းလင်းရေး မြို့နယ်စစ်ကျောင်းအတိုင်း ကျနော်တို့ တောနင်းရှာဖွေမှု လုပ်ခဲ့တယ်။ ဒီသမ္ဘရာချောင်း တောစပ်နေရာတွေမှာ တွေ့ရတယ်။ ဒီနေ့လည်း ဆက်ပြီး နင်းနေတယ်။ ကလေးဝနယ်စပ်အထိ သွားမယ်။ တောထဲမှာ ခိုးတည်ထားတဲ့ ဘလက်စက် ခေါ်တာပေါ့နော်။ တစ်လုံး ဖမ်းဆီးရမိတယ်။ အင်ဂျင်တစ်လုံးပါတယ်။ ဆက်စပ်ပစ္စည်း လွှဝိုင်းတွေလည်း ပါတယ်။ ကျနော်တို့ကတော့ တောထဲ ဆိုင်ကယ်နဲ့ တက်လာတာဆိုတော့ သူတို့ ဖျက်ပြီး လွှင့်ပစ်ထားတယ်နဲ့ တူပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ရအောင် ရှာဖမ်းရတာပဲ။ လူရဖို့တော့ မလွယ်ဘူး၊ တောထဲ ပစ္စည်းတောင် မနည်းရှာဖမ်းရတယ်” လို့ ဦးချစ်သန်းထွန်းက ဆက်လက်ပြောပါတယ်။
မင်းကင်းမြို့နယ်ထဲမှာ မိခဲ့တဲ့ သစ် ၁၂ တန်ကျော်မှာ အင်သစ်လုံး ၅၆ လုံး၊ သဒီအမျိုးအစားသစ် ၂ လုံး၊ အင်ခွဲသားများနဲ့ ချန်ချိုင်းအမျိုးအစားအင်ဂျင်တစ်လုံး၊ သစ်စက် ဆက်စပ်ပစ္စည်း လွှဲဝိုင်းတွေ ပါဝင်ခဲ့ပြီး ဖမ်းဆီးမိသစ်တန်ပေါင်း ၁၂ ဒဿမ၂၂၇ တန် ရှိပါတယ်။
သစ်တွေနဲ့ သစ်စက် ဆက်စပ်ပစ္စည်းတွေကို ရှာဖွေ သိမ်းဆည်းနိုင်ခဲ့ပေမယ့် ပိုင်ရှင်တွေကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပဲ စုံစမ်းဆဲ အခြေအနေမှာ ရှိနေပြီး တောတွင်းတရားမ၀င်သစ် ရှာဖွေဖမ်းဆီးရာမှာ ပိုင်ရှင်တွေကို မိဖို့လည်း ခက်ခဲမှုတွေ ရှိတယ်လို့ မင်းကင်းမြို့နယ် သစ်တောဦးစီး ဦးချစ်သန်းထွန်းက ခုလို ပြောပါတယ်။
“ကျနော်တို့ လုံခြုံရေးက ရှိသေးတယ်လေ။ ဖမ်းဆီးတဲ့အခါမှာ တရားခံကို ဖမ်းဆီးရနိုင်ဖို့ကတော့ တော်တော်ခက်ခဲတယ်ဗျ။ သူတို့ကို မိတဲ့အခါမှာ သစ်တောဌာနအနေနဲ့ တရားခံကို နပန်းလုံးဖမ်းလို့လည်းမရဘူး။ သူတို့ကလည်း မှောင်ခိုသွားဖမ်းရတဲ့နေရာဆို ပြန်လုပ်တာတွေပါ ရှိတဲ့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ၊ လုံခြုံရေးအကူအညီတွေနဲ့ သွားရတယ်။ အခက်အခဲကတော့ သူတို့က ခုခံမယ်ဆို ကျနော်တို့မှာ ပြန်တုံ့ပြန်ဖို့ ခက်ခဲတာပေါ့။ အဲ့ဒီတော့ ပိုင်ရှင်မိဖို့တော့ ခက်ခဲတာပေါ့နော့်။ ကျနော်တို့အနေနဲ့တော့ တစ်မြို့နယ်လုံးပါပဲ။ မြို့နယ်ထဲမှာတော့ တောရှိရာအကုန်လုံး ခေတ်နဲ့အညီ အသွင်ပြောင်းရတော့မယ်၊ စိတ်ဓာတ်ကအစ ပြောင်းရတော့မယ်ဆိုတော့ အတတ်နိုင်ဆုံး ကျနော်တို့ ထိန်းသိမ်းကာကွယ်သွားမယ်။ MRB နဲ့အညီ စိုက်ခင်းတွေလည်း ပြန်လည်တည်ထောင်နေတယ်။”
ဖမ်းဆီးမှုမှာ ရရှိခဲ့တဲ့ သစ်လုံးတွေနဲ့ ခွဲသားတွေကို တောတောင်ခရီးတွေထဲ ခက်ခက်ခဲခဲ သွားရောက်ရှာဖွေဖမ်းဆီးမှုတွေ ဆောင်ရွက်နေရတာဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့ သစ်တွေကိုတော့ မျောက်ချွန်းကျေးရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ ချောင်းစပ်တွေမှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
မှောင်ခိုသစ်လုပ်သူတွေအနေနဲ့လည်း သစ်တွေ ဈေးကွက်အတွင်းရောက်ဖို့ ရေလမ်းကို အားထားပြီး ဖောင်မျောမယ့် ပုံသဏ္ဌာန်တွေ ရှိနေတာ တွေ့ရပါတယ်။
မင်းရဲစစ်နိုင်











