DVB Logo
Home
မြန်မာသတင်း
အဖျောက်တွင် မြစ်ကမ်းပါးပြိုကျနေ၍ နေအိမ်နှင့်စာသင်ကျောင်းများ အရေးပေါ်ရွှေ့ပြောင်း
DVB
·
November 8, 2017
အဖျောက်တွင် မြစ်ကမ်းပါးပြိုကျနေ၍ နေအိမ်နှင့်စာသင်ကျောင်းများ အရေးပေါ်ရွှေ့ပြောင်း
1 / 7
Donate to DVB

 

အဖျောက်မြို့ အေးရွာကျေးရွာမှာ မြစ်ကမ်းပါး ဆက်တိုက်ပြိုကျနေတဲ့အတွက် လူနေအိမ်တွေနဲ့ စာသင်ကျောင်းတတွေ အရေးပေါ်ရွှေ့ပြောင်းနေရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာမှာ အောက်တိုဘာလ ၁၆ ရက်နေ့က စတင်ပြီး မြစ်ကမ်းပါးတွေ ဆက်တိုက် ပြိုကျနေပြီး နိုဝင်ဘာ ၅ ရက်နေ့ ညနေမှာ နေအိမ် ၃ လုံး အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး ကျေးရွာမူလတန်းကျောင်းမှာလည်း မြစ်ကမ်းပါးနဲ့ ကပ်နေလို့ စာဆက်လက်သင်ကြားဖို့ အခက်အခဲဖြစ်ပေါ်နေတာကြောင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းမှာ သင်ကြားနေရတယ်လို့ ကျေးရွာပြည်သူတွေက ဒီဗွီဘီကိုပြောပါတယ်။

"စာသင်ကျောင်းသားက ၆၁ ဦးရှိပြီး ကျောင်းက မြစ်ကမ်းပါးနဲ့ ၃ ပေလောက်ပဲ ကွာတော့တယ်။ အဲ့တော့ ကလေးတွေအတွက် အန္တရာယ်များပါတယ်။ ဒါကြောင့် အရင် နှစ်ရက်ကတော့ ပိတ်ထားပြီး နိုဝင်ဘာ ၆ ရက်နေ့က ရွာထဲမှာ ကလေးတွေကို စာသင်ပေးပါတယ်။ ၈ ရက်နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးကလာပြီး ကလေးတွေစာသင်ဖို့ အတွက် ယာယီစာသင်ဆောင်ကို ဘုန်းကြီးကျောင်းထဲမှ ဆောက်လုပ်ပေးထားလို့ အခုကလေးတွေကို စာဆက်လက်သင်ကြားပေးနေပါတယ်" လို့ အေးရွာ အမကကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝါဦးက ပြောပါတယ်။

"ဦးတို့ရွာမှာ မြစ်ကမ်းပါးက ဆက်တိုက်ပြိုနေတာပါ။ နေ့ဘက်မှာ နည်းနည်းပြိုပြီး ညဘက် ရောက်ရင် အလုံးလိုက်ပြိုကျတော့ တဖြည်းဖြည်းနဲ့ ရွာက ကုန်နေပါပြီ။ အရင်အိမ်ခြေ ၁၉၀ ရှိတဲ့ဟာ အခုဆိုအိမ်ခြေ ၁၄၀ လောက်က ပြိုတဲ့အထဲ ပါသွားပြီး လူတွေလည်း နေစရာမရှိလို့ ကိုင်းတောစပ်တွေ တာဘေးတွေမှာ ဖြစ်သလို နေနေရပါတယ်။ ရွာသားတွေလည်း စိတ်ဓာတ် တွေကျပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေပါတယ်။ ဦးတို့ရပ်မိရပ်ဖတွေနဲ့ အုပ်ချုပ်ရေးပိုင်း ကတော့ မြို့နယ်အုပ်ချုပ်ရေးတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို မြေနေရာပြန်ချပေးဖို့ကို စာတင်ထားပါတယ်"လို့ ရပ်မိရပ်ဖဦးမြင့်သိန်းက ပြောပါတယ်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေ က “အဖျောက်မြို့ အေးရွာကျေးရွာ အပါအဝင်တခြားကျေးရွာတွေကို လည်း ဦးတို့ လူကယ်ပြန်အဖွဲ့က အမြဲတမ်းထောက်ပံ့ပေးနေပြီး အခုလည်း ကျေးရွာ စာသင်ကျောင်းက မြစ်ကမ်းနဲ့ အရမ်းနီးကပ်နေပြီး ကလေးတွေ အန္တရာယ်များလို့ နိုဝင်ဘာ ၇ ရက်နေ့က သွားပြီး ယာယီစာသင်ဆောင် နှစ်ဆောင် ဆောက်ထားပေးပါတယ်။ အိမ်ထောင်စုတွေ ကိုလည်း ထောက်ပံရေး ပစ္စည်းအပါအဝင် ငွေ ၁၉ သိန်းကျော် ထောက်ပံခဲ့ပါတယ်"လို့ ပြောပါတယ်။

အဖျောက်မြို့ အေးရွာကျေးရွာဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိပြီး ၂၀၁၅ ခုနှစ်က စတင်ပြီး မြစ်ရေတိုက်စား မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျခဲ့ရာကနေ အရင် အိမ်ခြေ ၁၉၀ ကျော်ရှိခဲ့ရာ အခုအခါမှာတော့ အိမ်ခြေ ၅၀ လောက်သာ ကျန်ရှိတော့ပါတယ်။

မြစ်ကမ်းပါးတွေ ညအချိန်ဆက်တိုက် ပြိုကျနေတဲ့အတွက် ရွာမြေဧရိယာ သုံးပုံမှာ နှစ်ပုံကျော် ရေထဲပါသွားခဲ့ပြီး မြစ်ကြောင်းထိန်းသိမ်းရေးက ပြုလုပ်ပေးထားတဲ့ ယာယီမြစ်ကမ်း ထိန်းသိမ်းရေးပြုလုပ်ထားတာတွေလည်း ပျက်စီးခဲ့ပါတယ်။

အခုအခါ ကျေးရွာအိမ်ထောင်စုတွေမှာ နေစရာအခက်အခဲတွေ ဖြစ်ပေါ်နေပြီး အောက်တိုဘာ ၂၈ ရက်နေ့မှာ ရန်ကုန်တိုင်း မြို့တော်ဝန်ဦးမောင်မောင်စိုးနဲ့အဖွဲ့ လာရောက် ကြည့်ရှုခဲ့ပြီး ကျေးရွာပြန်လည်နေရာချထား ပေးရေးအတွက် မြေနေရာကြည့်တာတွေ ပြုလုပ်သွား ခဲ့ပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013