DVB Logo
Home
မြန်မာသတင်း
ခွန်တန်အား တိုင်ကြားထားသူများကို မွန်ပြည်နယ်လွှတ်တော်တွင် စတင်စစ်ဆေး
DVB
·
November 8, 2017
ခွန်တန်အား တိုင်ကြားထားသူများကို မွန်ပြည်နယ်လွှတ်တော်တွင် စတင်စစ်ဆေး
Donate to DVB

 

သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ အလံတစ်ရာမှာ ဘာသာရေးအကြောင်းပြ မိန်းမပျိုလေးတွေအား ဖျက်ဆီးနေသူလို့ စွပ်စွဲခံထားရတဲ့ ခွန်တန်အား တိုင်ကြားသူတွေကို နိုဝင်ဘာ ၆ ရက်က မွန်ပြည်နယ် လွှတ်တော်အမျိုးသမီးနဲ့ ကလေးသူငယ်များ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီက စတင်စစ်ဆေးနေပါတယ်။

မွန်ပြည်နယ် လွှတ်တော်အမျိုးသမီးနဲ့ ကလေးသူငယ်များအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က “ဒီလိုစစ်ဆေးဆောင်ရွက်ရတာဟာ လွှတ်တော်က အမျိုးသမီးနဲ့ ကလေးသူငယ်များအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီကို တာဝန်ပေးအပ်တဲ့အတွက်ကြောင့်ပါ။ စစ်ဆေးတွေ့ရှိချက်တွေကို ကော်မတီရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်အတိုင်း ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

ရိုးသားတဲ့ တိုင်းရင်းသူ မိန်းကလေးတွေကို ဖျက်ဆီးနေမှုအား ဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး ခွန်တန် (ခေါ်) ဇာတ်လိုက် လက်ချည်(လက်ထပ်)ခဲ့တဲ့ မိန်းကလေးနှစ်ဦးရဲ့ ဖခင် ဦးဝင်းညွန့်နဲ့ အမျိုးသမီးငယ်အချို့ရဲ့ မိသားစုဝင်အချို့ကို မွန်ပြည်နယ်လွှတ်တော် ပြည်နယ်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့၊ လူကုန်ကူးတားဆီးရေးအဖွဲ့တို့က ကြားနာစစ်ဆေးမှုခဲ့တာ ဖြစ်ပါတယ်။

“အစ်မတို့ကော်မတီကိုတိုင်ကြားထားတဲ့ တိုင်စာနှစ်စောင်မှာပါတဲ့ ကာယကံရှင် ဖခင်အပါအ၀င် ၆ ဦးရဲ့ ပြောပြချက်တွေကို အစ်မတို့နားထောင်တယ်။ တိုင်စာထဲမှာပါတဲ့ နစ်နာသူ အမျိုးသမီးငယ်တွေအတွက် ကူညီဆောင်ရွက်ပေးဖို့ကိုလည်း လူမှုဝန်ထမ်း ဌာနက လုပ်ဆောင်ပေးနိုင်တာတွေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ပတ်သက်ပြီး ကူညီဆောင် ရွက်ပေးနိုင်တာတွေကိုလည်း မှာကြားထားပါတယ်။ တိုင်ကြားစာပါ အကြောင်းအရာတွေ မှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးပြီးရင်တော့ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေကို ပေးပို့သွားမှာပါ” လို့ဒေါ်ခိုင်ခိုင်လဲ့က ဆိုပါတယ်။

ခွန်တန် (ခေါ်) ဇာတ်လိုက်နဲ့ ပတ်သက်ပြီးဖြစ်စဉ်တွေကို စက်တင်ဘာလမှစတင်ကာ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးမှတဆင့် ပြည်ထောင်စုအဆင့် သာသနာရေးဝန်ကြီးဌာနအထိ ပေးပို့ထားကာ လက်ရှိ လွှတ်တော်တိုင်ကြားထားတဲ့ တိုင်စာ ၂ စောင်ပါ အကြောင်းအရာတွေကို လွှတ်တော်ရဲ့ဥပဒေ၊ နည်းဥပဒေအတိုင်း လေ့လာစုံစမ်းစစ်ဆေးဖော်ထုတ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာဌာနတွေအလိုက် ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်က “အမှုကိုတော့ တိုင်တဲ့နေ့ကစပြီး တရားလိုရော သက်သေတွေရော စစ်ဆေးနေပါတယ်။ ရဲစခန်းကို ခေါ်လို့ရတဲ့သူဆိုရင်တော့ စခန်းကိုခေါ်စစ်ပြီး တချို့မလာနိုင်တဲ့ သူတွေကိုတော့ အဲ့ဒီမှာ သွားရောက်စစ်ဆေးတာပါ။ လက်ရှိတရားလို တိုင်တန်းတဲ့သူနဲ့ သက်သေ ၈ ဦးကိုတော့ စစ်ဆေးလို့ပြီးပါပြီ။ ဆေးစာရရင်တော့ တရားရုံးကို အမြန်ဆုံးတရားစွဲတင်သွားမှာပါ။ လောလောဆယ်ကတော့ ဆေးစာမရသေးလို့ပါ။ မနက်ဖြန် တရားသူကြီးကခေါ်တယ်ဆိုတာ တရားရုံးကို ဦးတိုက်လျှောက်တဲ့အမှုနဲ့ပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။

“စခန်းမှာ သွားတိုင်တဲ့ကိစ္စတော့ စခန်းမှာအစစ်ခံပြီးသွားပြီ။ မနက်ဖြန်ကျရင် တရားသူကြီးက ခေါ်ထားတယ်။ ဒီနေ့ကတော့ ရွာမှာပဲ သက်သေ ၄ ယောက်စစ်ဆေးဖို့ အတွက် စောင့်နေကြတာပါ။ သူတို့ကဒီမှာလာစစ်ဆေးမယ်လို့ပြောတယ်” လို့ သမီးနှစ်ယောက်ရဲ့ ဖခင် ဦးဝင်းညွန့်ကပြောပါတယ်။

ခွန်တန် (ခ) ဇာတ်လိုက် အပါအ၀င် အမျိုးသား ၇ ယောက်ကိုလည်း အတင်းအဓမ္မပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီး ပုဒ်မ ၃၃၆၊ လူခိုးယူမှု ပုဒ်မ ၃၆၃၊ ပူးပေါင်းပါဝင်သူတွေကို အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ သထုံမြို့မရဲစခန်းမှာ အောက်တိုဘာလ ၂၄ ရက်နေ့က အမှုဖွင့်လှစ်ထားတာဖြစ်ပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013