
ယူအန်အက်ဖ်စီနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် အဆိုပြုချက်တွေအားလုံး သဘောတူပြီး ဖြစ်တာကြောင့် မနက်ဖြန် ဆွေးနွေးပွဲကို နောက်ဆုံး ဆွေးနွေးပွဲဖြစ်အောင် ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ ဒီပီအန်တို့ အပစ်ရပ်လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးကြမှာပါ။
ဦးအောင်စိုးက “ပြီးခဲ့တဲ့ ဆွေးနွေးပွဲတုန်းက ၈ ချက်လုံးလုံးက နှစ်ဖက်သဘောတူထားပြီးသားပါ။ ဒီဆွေးနွေးပွဲကို နောက်ဆုံးဆွေးနွေးပွဲ ဖြစ်အောင်ကြိုးစားနေပါတယ်။ သဘောတူထားတာတွေကို နှစ်ဖက် ခေါင်းဆောင်တွေကို တင်ပြဦးမယ်ဆိုပြီး ဆုံးဖြတ်တာပါ” လို့ ပြောပါတယ်။
လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယူအန်အက်ဖ်စီဘက်က အချက် ၈ ခု အဆိုပြုထားပြီး ညှိနှိုင်းနေတာ ၁၅ လ ကြာခဲ့ပြီ ဖြစ်ပါတယ်။
ယူအန်အက်ဖ်စီ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်ကတော့ ဆွေးနွေးဖို့အချက်တွေ ကျန်နေသေးပြီး အစိုးရနဲ့ တပ်ပိုင်းက မူဝါဒပိုင်း တင်းမာနေရင်၊ ဖြေလျှော့တာ မရှိရင် ပြေလည်ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။
“ဆဋ္ဌမအကြိမ်မှာ ၁ ကနေ ၄ အထိ ဆွေးနွေးလို့ ပြီးပြတ်တယ်။ ဒါပေမယ့် သတ္တမအကြိမ်ရောက်တဲ့ခါ ၁ နဲ့ ၂ ကို ငြိမ်ချမ်းရေးကော်မရှင်ဘက်က ပြန်ပြင်တယ်။ အဲဒါကြောင့် ပြန်ဆွေးနွေးဖို့ ဖြစ်လာပါတယ်။ ပြီးတော့ သတ္တမအကြိမ်မှာ ကျန်နေတဲ့ ၅ ကနေ ၈ အထိမှာ နံပါတ် ၅ မှာ နောက်ဆက်တွဲ ဆွေးနွေးစရာတွေရှိတယ်။ နံပါတ် ၈ မှာ ညှိနှိုင်းလို့ မပြေလည်သေးတဲ့ အချက်တွေ ကျန်နေပါတယ်” လို့ ပြောပါတယ်။
တရားသေဝါဒကို ဆက်လက်မဆုပ်ကိုင်ဘဲ တိုင်းပြည်နဲ့လူထု မျက်နှာကိုကြည့်ဖို့လည်း သူက ဆက်ပြောပါတယ်။
အဆိုပြုချက် ၅ မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပါဝင်ပြီး တပ်ပိုင်းဆိုင်ရာမှာ ကြိုတင်ညှိနှိုင်းဖို့ လိုအပ်တဲ့ အချက် ခေါင်းစဉ်ပေါင်း ၁၁ ခုအပါဝင် တပ်နေရာ ချထားရေး၊ ဝေါဟာရ ဖွင့်ဆိုမှုတွေ ပါဝင်တာပါ။
ပြီးခဲ့တဲ့ ၇ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာ ပြုလုပ်ခဲ့ပါတယ်။
ယူအန်အက်ဖ်စီမှာ မွန်ပြည်သစ်ပါတီ၊ ရခိုင်အမျိုးသားကောင်စီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။











