
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့နားမျာ နိုဝင်လာ ၆ ရက်နေ့ည ၁၁ နာရီလောက်က တရားမဝင် ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ကားတစ်စီး ဖမ်းဆီးရမိထားတယ်လို့ ပဲခူးမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းအောင်ကျော်ဦးက ပြောပါတယ်။
အဲဒီညက ရဲတပ်ဖွဲ့နဲ့ အဖွဲ့စုံပါဝင်တဲ့အဖွဲ့ဟာ အစိုးရအဖွဲ့ရုံးရှေ့နားမှာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် ရန်ကုန် -မန္တလေး ကားလမ်းဟောင်းအတိုင်း ဘုရားကြီးဘက်က မောင်းလာတဲ စူပါကာစတန် 8H/၈၂၀၆ အမျိုးအစား ကားတစ်စီးကို မသင်္ကာတဲ့အတွက် ရပ်တန့်စစ်ဆေးရာ ယဉ်မောင်း အောင်နိုင်စိုး နဲ့ ယဉ်နောက်လိုက် စိုးမင်းတို့ကို တရားမဝင် ကျွန်းသစ်ခွဲသား ၁၃၂ ချောင်း၊ ၁.၂၆၀၄ တန်နဲ့အတူ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
တရားမဝင် ကျွန်းသစ်ခွဲသားတွေ သယ်ဆောင်လာသူ အောင်နိုင်စိုး နဲ့ စိုးမင်းတို့ကို သစ်တောဥပဒေအရ အရေးယူပေးဖို့ သစ်တောဌာနက တိုင်ကြားလာလို့ ပဲခူးမြို့မ ရဲစခန်းက သစ်တောဥပဒေပုဒ်မ ၄၃ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အောင်စိုးမိုး











