
မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ် ၃ ရပ်ကွက်မှာ နိုဝင်ဘာ ၆ ရက် မနက်က အသက် ၁ နှစ်အရွယ် မနှင်းနှင်းရီဟာ မြေကျင်းတူးထားတဲ့ ချိုင့်ခွက်အတွင်းက ရေထဲမှာ ဆော့ကစားရင်း ရေနစ်သေဆုံးတယ်လို့ သာစည်မြို့မရဲစခန်းတာဝန်မှူး ရဲအရာရှိတဦးက ပြောပါတယ်။
သာစည်မြို့မရဲစခန်း ဒုရဲအုပ်အောင်လှိုင်ဌေးက “သမီးလေးရဲ့ ဖခင်ကဘူတာမှာ ဈေးရောင်းနေတယ်။ မိခင်က အိမ်ရှေ့မှာအရိပ်ရအောင် အမိုးလုပ်နေတယ်။ အဖွားဖြစ်သူက အဝတ်လျှော်နေတယ်။ ကလေးက ဆော့ကစားရင်း ရေနစ်သေဆုံးသွားတယ်။ နှာခေါင်းက အမြှုပ်တွေ ထွက်နေတယ်။ ပြင်ပဒဏ်ရာ မတွေ့ရဘူး”လို့ ပြောပါတယ်။
အမှတ် ၃ ရပ်ကွက်နေသူတဦးက “ကလေးဆိုတာ ရေမြင်ရင် ဆော့ချင်ကြတယ်။ လူကြီးတွေက ကိုယ်အလုပ်နဲ့ကို ရှုပ်နေကြတော့ ဂရုမစိုက်နိုင်တဲ့ အချိန်ခဏလေးအတွင်းမှာပဲ ကလေးရေနစ်သေဆုံးသွားတာပါပဲ”လို့ ပြောပါတယ်။
သာစည်မြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၁၅/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











