DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများပြန်ရွေးရန် တရားဝင်ညွှန်ကြားချက်မရ
DVB
·
November 7, 2017
မွန်ပြည်နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများပြန်ရွေးရန် တရားဝင်ညွှန်ကြားချက်မရ
Donate to DVB

 

မြန်မာတနိုင်ငံလုံးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ဖို့ နိုင်ငံတော် သမ္မတရုံးက တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို ညွှန်ကြားထားပြီး မွန်ပြည်နယ်မှာ တရားဝင်ညွှန်ကြားချက် မရရှိသေးကြောင်း မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနက ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နိုဝင်ဘာ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ တလအတွင်း အပြီးသတ်ဆောင်ရွက်ဖို့ သတင်းတွေထွက်ပေါ်နေပေမယ့် မွန်ပြည်နယ်မှာတော့ မရရှိသေးဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က “ကျနော်တို့ဆီကိုတော့ ဘာမှညွှန်ကြားချက် မလာသေးပါဘူး။ (ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို) ရွေးမယ်ဆိုတာပဲ သိရသေးတယ်။ အပြင်မှာ သတင်းတွေ ထွက်နေတာပဲ ရှိသေးတယ်။ ညွှန်ကြားချက် မလာသေးဘူး။ အစိုးရ လိုအပ်ချက်အရ ပြန်ရွေးတယ်လို့ မြင်ပါတယ်။ ညွှန်ကြားလာရင်တော့ ပြန်ရွေးရမှာပါ” လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက “ကျနော်တို့ သမ္မတရုံးကတော့ စာတစ်စောင်နဲ့ (ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုပြန်ရွေးဖို့) ညွှန်ကြားထားပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေကို အားလုံးတပြေးညီ ညွှန်ကြားထားပါတယ်”လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၁၈၈ အရ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး တွေကို သက်ဆိုင်ရာအစိုးရက ခန့်အပ်ခဲ့ပေမယ့်လည်း ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၁၈၉ အရ ရပ်ကျေး အုပ်ချုပ်မှူးတွေကို သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာကသာ ရွေးချယ်ပေးရမှာပါ။

အခုလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ရတဲ့အပေါ် သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက “ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေမှာပါတယ်။ အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းက သမ္မတသက်တမ်းအတိုင်းပဲ။ ဒါပေမယ့် အုပ်ချုပ်ရေးမှူး သက်တမ်းဟာ သမ္မတသက်တမ်းအတိုင်း ၅ နှစ်ဖြစ်တယ်လို့ မပါဘူး။ ၃ နှစ်ဖြစ်တယ်လို့လည်း မပါဘူး။ သမ္မတသက်တမ်းအတိုင်းဖြစ်သည်လို့ပဲ ပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေလည်း သမ္မတသက်တမ်းအတိုင်းပဲ။ သမ္မတနားရင် ၀န်ကြီးတွေလည်း နားရတယ်။ အဲ့ဒီသဘောပါပဲ” လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ မြေယာအရှုပ်အရှင်းကိစ္စတွေ၊ အဂတိလိုက်စားမှုတွေနဲ့ ကျင့်ဝတ် ဖောက်ဖျက်မှုတို့ကြောင့် ပြည်သူလူတိုင်ကြားခဲ့ပြီး တာဝန်မှရပ်စဲကာ အရေးယူခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေမှာ ၁၀ လအတွင်း ၁၀ ဦးအထိ ရှိနေကြောင်း မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရပါတယ်။

မွန်ပြည်နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၄၆၈ ဦးရှိပြီး ပြည်သူတိုင်ကြားတဲ့အတွက် တာဝန်မှရပ်စဲခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေမှာ မော်လမြိုင်မြို့နယ်မှာ အများဆုံးဖြစ်ပြီး ပေါင်၊ ကျိုက်ထို၊ ချောင်းဆုံ၊ မုဒုံနဲ့ ရေးမြို့နယ်တို့ကလည်း ပါဝင်ကြောင်း သိရပါတယ်။

မုဒုံမြို့နယ် ထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ထင်က “မွန်ပြည်နယ်အနေနဲ့တော့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို ရွေးပါလို့ တရားဝင် ညွှန်ကြားထားတာတွေ၊ အမိန့်ထုတ်ထားတာတွေ မရှိသေးပါဘူး။ ညွှန်ကြားချက်တစုံတရာရှိရင် အစိုးရက တရားဝင်ညွှန်ကြားတဲ့အပေါ်မှာ လိုက်နာဆောင်ရွက်ပေးရမှာပါ။ မှိန်ကနိမ်းတို့မှာ ရွေးချယ်တယ်ဆိုတာကလည်း တိုင်စာပြုစာ တက်လို့ အပြစ်ရှိလို့ ပြန်ရွေးချယ်တာပါ။ တိုင်စာတွေတက်လို့ အဆင့်ဆင့် စိစစ်ပြီးတော့ ခံဝန်(၃) ကြိမ်ထိုးတာတို့၊ ပြည်နယ်အစိုးရက ညွှန်ကြားချက်ကျလာလို့ အရေးယူတာတွေ ရှိတယ်။ တိုင်ကြားလာရင်စိစစ်ပြီးမှ ရပ်စဲတာတို့၊ အရေးယူတာတို့လုပ်တယ်။”လို့ ပြောပါတယ်။

အရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်တဲ့ နည်းဥပဒေမှာ ပြည်သူ့ဆန္ဒနဲ့ တိုက်ရိုက်ရွေးချယ်ခွင့်မရဘဲ အခုကဲ့သို့ တိုင်ကြားမှုများနေရတာဖြစ်ပြီး ဥပဒေအသစ်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးအပြင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့ကို ပြည်သူလူထုက ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်နိုင်ကြမှာဖြစ်ကြောင်း သိရပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ရာမှာ ရပ်ကွက်/ကျေးရွာ အုပ်စုတွေမှာ ကြီးကြပ်ရေးမှူး (၅) ဦးစီကို ကနဦး ရွေးချယ်ရမှာဖြစ်ပြီး ထိုမှတဆင့် ၄င်းတို့က ဆယ်အိမ်စုတွေ၊ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေရွေးချယ်ရမှာဖြစ်ပြီး ရာအိမ်မှူးတွေထဲမှ မိမိရပ်ကွက်(သို့မဟုတ်) ကျေးရွာအတွင်း အမှန်တကယ်နေထိုင်သူကို အသက်(၁၈) နှစ် ပြည့်ပြီးသူတွေက မဲပေးရွေးချယ်ရမှာဖြစ်ပြီး တစ်လအတွင်းအပြီးသတ် ဆောင်ရွက်ကြမှာဖြစ်ကြောင်း သိရပါတယ်။

သတင်းနှင့် ဓာတ်ပုံ - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013