DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ရာဘာသန့်စင်စက်ရုံအတွက် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်
DVB
·
November 6, 2017
ဘားအံတွင် ရာဘာသန့်စင်စက်ရုံအတွက် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်
1 / 2
Donate to DVB

ကရင်ပြည်နယ် ဘားအံစက်မှုဇုန်မှာတည်ဆောက်မယ့် ရာဘာသန့်စင်စက်ရုံအတွက် လာရောက်ရင်းနှီးမြှုပ်နှံကြမယ့် နိုင်ငံခြားကုမ္ပဏီတွေကို ဖိတ်ခေါ်ထားကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးမှ သိရပါတယ်။

ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာနှင့် စည်ပင်ဝန်ကြီးဦးသန်းနိုင်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံဖို့ အတွက် နိုင်ငံတကာကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပါတယ်။ ကျနော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေပါ။ ဖိတ်တာကတော့ MIC (Myanmar Investment Commission) က ဖိတ်တာပါ။” လို့ ပြောပါတယ်။

Kayin State Investment ဆွေးနွေးပွဲအတွက် လာမယ့် နိုဝင်ဘာ ၂၄ ရက်နဲ့ ၂၅ နေ့တွေမှာ နိုင်ငံတကာကို ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ၀န်ကြီးက ပြောပါတယ်။

နိုင်ငံခြားကို Export လုပ်နိုင်မယ့် အရည်အသွေးမြင့် Rss3 ၊ Rss2 ရာဘာပြားတွေကို ထုတ်လုပ်နိုင်ဖို့ ရာဘာသန့်စင်စက်ရုံကို နယ်သာလန်နိုင်ငံရဲ့ နည်းပညာတွေနဲ့ ပြည်တွင်း နိုင်ငံခြားသားတွေကို ရင်းနှီးမြှုပ်နှံခွင့်ပြုထားတဲ့ ဘားအံစက်မှုဇုန်၊ ဇုန်(၂) မှာ တည်ဆောက်သွား မယ်လို့ သိရပါတယ်။

စက်ရုံတည်ဆောက်ဖို့အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့က မြန်မာ့ရှေ့ဆောင်ဘဏ်က တဆင့် သိန်း ၅၀၀ ထုတ်ချေးထားပြီး စက်ရုံအတွက်ကုန်ကျစရိတ်မှာ သိန်း ၁၇၀၀ သို့မဟုတ် သိန်း ၂၀၀၀ ကြားကုန်ကျမယ်လို့ ခန့်မှန်းထားပြီး အစုရှယ်ယာ တစုကို ၆ သိန်းနှုန်းနဲ့ အများပိုင်ကုမ္ပဏီလီမီတက်ပုံစံမျိုး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကရင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောပါတယ်။

“ကရင်ပြည်နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက သူတို့နည်း သူတို့ဟန်နဲ့ပဲ ပြည်နယ်အစိုးရဆီမှာ သိန်း ၅၀၀ ချေးထားတယ်။ ပြည်နယ်အစိုးရကလည်း မြန်မာ့ရှေ့ဆောင် ဘဏ်ကနေ ချေးထားပေးတယ်။ အဲ့ဒီချေးငွေတွေနဲ့ အခြေခံအဆောက်အအုံ ၂ လုံးကို စဆောက်နေပြီ။ ရာဘာကြိတ်တဲ့ စက်ရုံတို့ ခဲတဲ့စက်ရုံတို့လေ။ သိန်း ၅၀၀ ချထားပေးတယ် ဆိုပေမယ့် သူတို့တွေ စက်မှုဇုန်မှာ မြေဖိုးတွေ ပြန်သွင်းရသေးတယ်။ သူတို့ကို ချပေးထားတဲ့ မြေက စက်မှုဇုန်ဧရိယာလို့ သတ်မှတ်ထားပေမယ့်မူလလက်ငုတ် လယ်သမားတွေ ရှိသေးတယ်။ အစိုးရက စက်မှုဇုန်လို့ သတ်မှတ်ထားပေမယ့်လယ်သမားတွေက အထောက်အပံ့ မရတဲ့ အခါကျတော့ သူတို့(လယ်သမားတွေ)အရေးဆိုတော့ လယ်သမားတွေဆီက ပြန်ဝယ်လိုက်ရ တယ်။ သိန်း ၅၀၀ က မြေဖိုးနဲ့ပဲ သိန်း(၃၀၀) ၀န်းကျင်လောက်ဝင်သွားတယ်”လို့ ပြောပါတယ်။

အဆိုပါစက်ရုံမှာ ထိုင်းနိုင်ငံမှ Southland ကုမ္ပဏီ၊ နော်ဝေနိုင်ငံမှ Nyor ကုမ္ပဏီတို့နဲ့ ကရင်ပြည်နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများ ပူးပေါင်းကာ လာမယ့် ၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါ ကုမ္ပဏီတွေက လာရောက်ကြည့်ရှုစစ်ဆေးထားပြီးဖြစ်ကြောင်း ဦးဝင်းဇော်က ဆက်ပြောပါတယ်။

စက်ရုံကို အနှစ် ၃၀ သို့မဟုတ် အနှစ် ၅၀ အထိကနဦး လုပ်ပိုင်ခွင့်ရယူပြီး ၇ နှစ် အခွန်ကင်းလွတ်ခွင့် ရရှိမှာဖြစ်ကြောင်း၊ ရရှိလာမယ့် ရာဘာတွေကို အမေရိကန်၊ ဂျပန်စတဲ့ ဥရောပနိုင်ငံတွေသို့ တင်ပို့သွားမှာဖြစ်ပြီး စက်ရုံအတွက် လျှပ်စစ်မီး အပါအ၀င် အခက်အခဲတချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

“အဓိက အခက်ခဲကတော့ Infrastructure (လုပ်ငန်းဖွဲ့စည်းပုံအခြေခံ) လိုတယ်။ ညညဆိုရင် လျှပ်စစ်မီးလည်း လိုတယ်။ စက်ရုံနဲ့ ရာဘာခြံတွေနဲ့ အလှမ်းဝေးရင် သယ်ယူ ပို့ဆောင်မယ့် ကွန်တိန်နာတွေလိုတာပေါ့။”

ကရင်ပြည်နယ်မှာ ရာဘာစိုက်ဧက ၂ သိန်း ၆ သောင်းကျော်ရှိပြီး ဧက ၁ သိန်း ၆ သောင်းကျော် အစေးလှီးထုတ်လုပ်နေပြီး ပြည်တွင်းရာဘာ ထုတ်ကုန် ၉၂ ရာခိုင်နှုန်းကို လက်ရှိ အချိန်မှာ ရာဘာအရည်အသွေးနိမ့်နေတဲ့အတွက် တရုတ်နိုင်ငံကိုသာ အဓိကတင်ပို့နေရတယ်လို့ သိရပါတယ်။

ကမ္ဘာ့ရာဘာပေါက်ဈေးမှာ စက်တင်ဘာလက အမေရိကန်ဒေါ်လာ ၁၉၀၀ ၀န်းကျင်ရှိပြီး လက်ရှိကရင်ပြည်နယ်မှာ ပြည်တွင်းဈေးကွက်အနေနဲ့ စက်တင်ဘာလ မတိုင်ခင် တစ်ပေါင်ကို ၁၀၀၀ နီးပါးရရှိပေမယ့်လည်း နောက်ပိုင်းမှာ အနည်းငယ်ဈေးပြန်ကျလာပြီး ဘားအံ အ၀ယ်ဒိုင်တွေနဲ့ မွန်ပြည်နယ်ဘက်သို့ ရောင်းချနေတယ်လို့ သိရပါတယ်။

အလားတူ မွန်ပြည်နယ်မှာလည်း အရည်အသွေးမြင့် ရာဘာများထုတ်လုပ်နိုင်ဖို့ မွန်ပြည်နယ် ၁၀ မြို့နယ်ဖြစ်တဲ့ ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ပေါင်၊ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ရာဘာသန့်စင်စက်ရုံတွေ တည်ဆောက်သွားမှာ ဖြစ်ပြီး ကနဦးအနေနဲ့ မြို့နယ် ၆ ခုမှ တည်ဆောက်လျက်ရှိကြောင်း၊ အဆိုပါစက်ရုံတွေအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ငန်းရှင်တွေအတွက် ချေးငွေကူညီထောက်ပံ့ပေးမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားထားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မော်လမြိုင်ဘဏ်ခွဲ)မှလည်း ချေးငွေထုတ်ချေးသွားမယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာလည်း ရာဘာစက်ရုံပေါင်း ၇၀ ကျော်ရှိပြီး ရာဘာဧက ၅ သိန်းကျော်ရှိပြီး တစ်နှစ်ကို ရာဘာတန်ချိန် ၁ သိန်းကျော် ထုတ်လုပ်နေကြောင်း မွန်ပြည်နယ်ရာဘာ လုပ်ငန်းရှင်တွေထံမှ သိရပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရာဘာစိုက်ပျိုးဧက ၁ သန်း ၆ သိန်းကျော်ရှိကြောင်း မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူတွေထံမှ သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013