DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ်ပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းရန် အာဆီယံတောင်းဆို
DVB
·
April 3, 2012
မြန်မာအပေါ်ပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းရန် အာဆီယံတောင်းဆို
Donate to DVB

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက မြန်မာကြားဖြတ်ရွေးကောက်ပွဲ မျှတ၊ စနစ်ကျမှုကို ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူထားမှုကို ပြန်လည် ရုပ်သိမ်းပေးဖို့ အာဆီယံ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ၂ ရက်ကြာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်း အဝေးမှာ အာဆီယံခေါင်းဆောင် တွေကတောင်းဆို လိုက်တာလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကဗ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတွေက သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

ကမ္ဘောဒီးယား ဒု-နိုင်ငံခြားရေးဝန်ကြီး ဟော်နမ်ဟောင်က “မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားတာကို ပြန်ရုပ်သိမ်းဖို့ကိစ္စ စဉ်းစားဖို့ နိုင်ငံတကာ အသိုင်းအ၀န်းကို တောင်းဆိုပါတယ်။ ဒါမှ မြန်မာပြည်သူတွေအနေနဲ့   ငြိမ်းချမ်းရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံဖွံ့ ဖြိုးတိုးတက်လိုတဲ့  ဆန္ဒတွေ ပိုမိုပြည့်ဝ ခံစားခွင့်ရမယ်လို့ ပြောပါတယ်။

ဒီအစည်းအဝေးပွဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်လည်း တက်ရောက်နေပြီး မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို အလွန်အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဦးသိန်းစိန်က သတင်း ထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကလည်း မြန်မာ ကြားဖြတ်ရွေးကောက်ပွဲဟာ  စနစ်ကျ၊ မျှတ၊ ပွင့်လင်းမြင်သာမှုရှိပြီး ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ဒီရွေးကောက်ပွဲကနေ မြန်မာနိုင်ငံ ကမ္ဘာ့အသိုင်းအ၀ိုင်းထဲ ပိုမိုရောက်စွာ ပါဝင် ပတ်သက်လာဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုတွေ၊ နိုင်ငံရေးသင့်မြတ်ရေး ပြသာနာတွေမှာပဲ ရပ်တန့်မနေဘဲ မြန်မာပြည်သူတွေရဲ့ အဓိပ္ပာယ်ရှိ အကျိုးရှိစေမယ့် တခြားကိစ္စတွေမှာ ပိုပြီး ပါဝင် လုပ်ဆောင်လာနိုင်မှာပါလို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါကတော့ မြန်မာအစိုးရနဲ့ ပြည်သူတွေကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့အတွက် ချီးကျူး ဂုဏ်ယူပါတယ်။ ဒီကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်တွေအတွက် ဒီထက်ပိုပြီး နောက်ကြောင်းပြန် မလှည့်မယ့်  အခွင့်အလမ်း ပိုပွင့်သွားပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ အရေးကြီးတဲ့ခြေလှမ်း ဖြစ်တယ်လို့ ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ၂ ရက်ကြာ ကျင်းပတဲ့ အာဆီယံ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်လွှတ်မယ့် အစီအစဉ်ကိစ္စတေ အပြင် တောင်တရုတ်ပင်လယ်မှာ ဒေသတွင်းနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့အကြား ရေပိုင်နက် အငြင်းပွားမှု ပြသာနာတွေက လွှမ်းမိုးနေပါတယ်။

အရင်နှစ်တွေက ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးတွေမှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေက အမြဲလိုလို ရှေ့တန်း ရောက်ခဲ့တာဖြစ်ပြီး၊ အခုနှစ်မှာတော့ မြန်မာ ကြားဖြတ်ရွေးကောက်ပွဲကိစ္စနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စတွေက ရှေ့တန်း ရောက်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013