DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုကြောင့် ဧရာဝတီတိုင်းတွင် ငလျင်များ လှုပ်ခတ်နိုင်
DVB
·
November 5, 2017
စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုကြောင့် ဧရာဝတီတိုင်းတွင် ငလျင်များ လှုပ်ခတ်နိုင်
Donate to DVB

 

စစ်ကိုင်းပြတ်ရွေ့ရဲ့လှုပ်ရှားမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးက ပြတ်ရွေ့နဲ့ နီးတဲ့ဒေသတွေမှာ ၇ မာကယ်လီစကေးရှိတဲ့ ပြင်းထန်အဆင့်ရှိငလျင်တွေ လှုပ်ခတ်နိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာလည်း ဆူနာမီအတွက် ကြိုတင်သတိပြု ပြင်ဆင်ထားသင့်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့က ပုသိမ်မြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ ကမ္ဘာ့ဆူနာမီအသိပညာပြန့်ပွားရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ မြန်မာနိုင်ငံ ငလျင်ကော်မတီ တာဝန်ရှိသူတွေက အခုလို သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဧရာဝတီတိုင်းဒေသကြီးဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ ဇုန် ၃ မှာ ရှိတဲ့အတွက် မာကယ်လီ စကေး ၇ လောက်အထိ ငလျင်ဖြစ်နိုင်ခြေ အလားအလာမျိုးကိုတွေ့ရပြီး ကြိုတင်တွက်ချက်ထားမှု တွေ ဆောင်ရွက်ထားပါတယ်။ ငလျင်နဲ့ပတ်သတ်ပြီး သတိပြုသင့်တယ်၊ မြစ်ဝကျွန်းပေါ်ဒေသတခု ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားပါတယ်”လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။

ငလျင်ကို တိုင်းတာရာမှာ မြေကြီးထဲက ထွက်လာတဲ့ စွမ်းအင်ပမာဏကို တပ်ဆင်ထားတဲ့ ကိရိဟာနဲ့ ဖမ်းယူရရှိမှုကို ရစ်ချက်တာစကေး လို့ သတ်မှတ်ပြီး မာကယ်လီစကေးလ်ကတော့ လူရဲ့ ခံစားမှုကို တိုင်းတာတာလို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ တာဝန်ရှိသူတွေက ရှင်းပြပါတယ်။

မြန်မာတနိုင်ငံလုံးအတွက် ငလျင်ဖြစ်နိုင်ခြေ အလားအလာများကို လေ့လာထားသလို ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီဖြစ်ပါက ရေလှိုင်းအမြင့် မည်မျှရောက်နိုင်ကြောင်း လေ့လာ ထားပြီး ဖြစ်တဲ့အတွက် ကမ်းခြေဒေသနေပြည်သူများ စိုးရိမ်မှုရှိရန်မလိုပဲ ဘေးအန္တရာယ်ရှိနိုင်မယ့် နေရာတွေမှာ ရှယ်လ်တာတွေ တည်ဆောက်ပေးသွားဖို့ ကြိုးစားနေတယ်လို့ ဧရာဝတီ တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနတာဝန်ရှိသူတွေက ဆိုပါတယ်။

“ချောင်းသာနဲ့ငွေဆောင်လို ကမ်းခြေဒေသတွေက အနီးအနားမှာ တောင်တန်းတွေရှိတဲ့ အတွက် အနေအထားက ချက်ချင်းပြောင်းရွေ့လို့ ရတာရယ်။ ဆောက်လုပ်ထားတဲ့ ဟိုတယ်တွေ ကလည်း အဲ့လိုသဘာဝဘေးအန္တရာယ်တွေကို ကြိုတင်တွက်ချက် ဆောက်လုပ်ထားတာဖြစ်တဲ့ အတွက် အသင့်အနေအထားမှာရှိပါတယ်။ အန္တရာယ်အရှိဆုံးဖြစ်တဲ့ သာပေါင်းမြို့နယ်က ဘောမိကျေးရွာမှာတော့ ရှယ်လ်တာတည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်” လို့ ဧရာဝတီ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနညွန်ကြားရေးမှူး ဦးသန်းစိုးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၀၄ ခုနှစ်ဆူနာမီမှာ လပွတ္တာမြို့နယ်က ရွာပေါင်း ၇ ကို ထိခိုက်ခဲ့ပြီး လူ ၂၅ ဦးသေဆုံးကာ ၄၅ ဦး ထိခိုက်ဒါဏ်ရာရခဲ့ပြီး ငပုတောမြို့နယ်က ရွာ ၉ ရွာကို ထိခိုက်ခဲ့ရာမှာတော့ လူ ၅ ဦးသေဆုံးပြီး ၁၀၈ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013