DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ရခိုင်ခရီးစဉ်အပေါ် ပါတီများနှင့် လူမှုအဖွဲ့အစည်းများ၏ အမြင်
DVB
·
November 5, 2017
ဒေါ်အောင်ဆန်းစုကြည် ရခိုင်ခရီးစဉ်အပေါ် ပါတီများနှင့် လူမှုအဖွဲ့အစည်းများ၏ အမြင်
Donate to DVB

 

နိုင်ငံတော်အတိုင်အပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ၁ ရက်တာခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်ကို နိုဝင်ဘာ ၂ ရက်နေ့က သွားရောက်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်အပင်အခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း မောင်တောဒေသ ပန်းတောပြင် ဘင်္ဂါလီကျေးရွာ၊ ကျီးကန်းပြင်ဌာနချုပ်၊ ခုံတိုင်ကျေးရွာနဲ့ တောင်ပြိုလက်ဝဲ စတဲ့ နေရာတွေကို သွားရောက်ခဲ့ပါတယ်။

ခရီးစဉ်အပေါ် နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းအချို့က ကြိုဆိုပေမယ့် အခုလိုမျိုး တရက်တာ ခရီးစဉ်အဖြစ်လာရောက်မှုဟာ ကြီးမားတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့  ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြီးဆုံးခဲ့တဲ့ ၁ ရက်တာ ခရီးစဉ်အခြေနေနဲ့ ပတ်သက်ပြီး ရခိုင် နိုင်ငံရေးပါတီအချို့နဲ့ လူမှုရေးအဖွဲ့အစည်းအချို့ရဲ့ အမြင်သဘောထားတွေကို ဒီဗွီဘီ သတင်းထောက် ၀ဏ္ဏခွာညိုက မေးမြန်းထားပါတယ်။

ဦးထွန်းအောင်ကျော် (ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး)

“ကျနော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျနော်တို့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလို့ရှိရင် ဒီလိုတရက်တည်းလာရုံနဲ့တော့ ဒီလောက်ကြီးမား ပြင်းထန်တဲ့ ပဋိပက္ခတွေကို အခြေခံကောင်းတွေ ချပေးနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့အနေနဲ့ မယူဆဘူး။ အခုလာတာကလည်း နိုင်ငံတကာဖိအားတွေနဲ့ မလွှဲမရှောင်သာလာရတယ်လို့ ကျနော်တို့ မြင်ပါတယ်။ မောင်တောခရိုင်ပြဿနာမှာ ကြီးကျယ်တဲ့ အကောင်အထည်ဖော်ရမယ့် ကိစ္စတွေ ဖြေရှင်းရမယ်ကိစ္စတွေ အခုအထိ ဘာမှာ သေသေချာချာအကောင် အထည်ဖော်နိုင်တာ မရှိသေးဘူး။ နေရာချထားမှုတို့၊ ရပ်ရွာစွန့်ခွာမှုတွေ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေဒုက္ခ သုက္ခတွေ အတွက် ဘယ်လိုလုံခြုံမှုတွေပေးမလဲ၊ အဲဒါတွေရော ပြောကြားပြောခဲ့သလား။ အာမခံ ချက်ရော ပေးခဲ့သလား။”

ဦးခိုင်ကောင်းစံ (ရခိုင်ပြည်နယ် ၀ံလက်ဖောင်းဒေရှင်း ဒါရိုက်တာ)

“ဒေါ်စုလာတာကတော့ ကြိုဆိုပါတယ်။ ဒေါ်စုဟာ ဘယ်လိုပဲပြောပြော လူထုမျော်လင့်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်။ ဒီကိုလာတဲ့အချိန်မှာလည်း ရခိုင်လူထုတွေနဲ့ လည်းတွေ့သင့်တယ်လို့ မြင်တာပေါ့။ အထူးသဖြင့် စစ်တွေမှာ ရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့သင့်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်အရေးကို တကယ့်စေတနာထားပြီးတော့ ကိုင်တွယ်မယ်ဆိုရင် ရခိုင်ဒေသခံရဲ့အသံတွေ နားထောင်းဖို့ လိုတယ်လို့ မြင်တယ်။ နောက်ပြီးတော့ လုပ်ငန်း ဖော်ဆောင်တဲ့နေရာမှာ အစိုးရက ဒီဒေသအတွင်းမှာရှိနေတဲ့ နိုင်ငံရေး ပါတီတွေ နောက်တခါ ဒေသခံပေါ့။ အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်က အရပ်ဖက်အဖွဲ့အစည်းတွေပါ ထည့် သွင်းစဉ်းစား စေချင်တာပေါ့။ အဲဒီလူတွေကိုလည်း လုပ်ငန်းဖော်ဆောင်တဲ့နေရာမှာ ဖိတ်ခေါ်ပြီး ပါဝင်သင့်တယ်လို့ မြင်ပါတယ်။”

ဒေါက်တာ စန်းရွှေ (ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ)

“ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှုကိုကြိုးစားနေတဲ့ ရခိုင်ပြည်သူတွေရဲ့ လိုအပ်ချက် တွေ အမြဲတမ်း ကြိုးစားနေတဲ့ ရဟန်သံဃာများကို တွေ့ဆုံပြီးတော့ ရဟန်းသံဃာတွေရဲ့ အမြင်ကို ရယူခဲ့သင့်တယ်လို့ မြင်ပါတယ်။ ဒါမှာလည်း ကျနော်တို့ ပါတီရဲ့ မူဝါဒအတိုင်း အမျိုးဘာသာ မပျောက်ပျက်စေရဘူးဆိုတဲ့ မူဝါဒနဲ့ ထပ်တူထပ်မျှဖြစ်နိုင်တာပေါ့။ ဒါကြောင့် အမျိုးဘာသာသနာစောင့်ရှောက်ရေး ဆိုတဲ့ မူဝါဒ၊ ကျနော်တို့ ပါတီရဲ့ မူဝါဒနဲတော့ ဒီ ခရီးစဉ်ဟာ ထပ်တူထပ်မျှမဖြစ်ဘူးလို့တော့ ကျနော်ယူဆပါတယ်။”

ဦးအောင်သိန်း (၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ)

“သူ့အနေနဲ့ လူထုနဲ့တောင်မတွေ့ခဲ့ဘူးလေ။ ရခိုင်လူထုနဲ့တောင်မတွေ့ခဲ့ဘူး ဆိုတာ တွေ့ရတယ်။ အစိုးရအဖွဲ့နဲ့ လေယာဉ်ကွင်းမှာတွေ့ပြီးတော့ မောင်တောက မွတ်စလင် အသိုင်းအဝိုင်းတွေနဲ့ သွားတွေ့တာကျတော့ ကျနော်တို့က သိပ်သဘောမကျဘူး။ အနည်းဆုံး မြို့ထဲကို တခေါက်ဝင်ခဲ့ရမှာပေါ့ဗျာ။ သူ့မျက်နှာတခေါက် လောက်တော့ ပြခဲ့ရမှာပေါ့နော်။ လေယာဉ်ကွင်းကိုရောက်တယ်။ ဘူးသီးတောင်၊ မောင်တောကိုသွားတယ်။ ပြန်လာတယ်။ လေယာဉ်ကွင်းနေသွားတယ်။ နောက်ဆုံးဗျာ။ သူ့ပါတီရုံးတောင် သူမသွားခဲ့ဘူးဆိုတော့ ကျနော်ထင်တယ်။ ကျနော်တို့ ရခိုင်တွေအပေါ်မှာ ဘယ်လိုသဘောထားလဲ မသိဘူးခင်ဗျ။ တခုခုမှား နေပြီလားပေါ့။ ကျနော်တို့ လိုချင်တာက ရခိုင်ကိုရောက်တဲ့အချိန်မှာ ရခိုင်လူထုတွေနဲ့ အနည်းဆုံးရခိုင် အများဆုံးအနိုင်ရရှိတဲ့ပါတီရှိမယ်။ လူထုကိုယ်စားပြုတဲ့အဖွဲ့အစည်းတွေရှိတယ်။ အဲ့ဒီအဖွဲ့အစည်းတွေနဲ့ တွေ့ခဲ့သင့်တာပေါ့။ ရခိုင်အပေါ်မှာမကောင်းဘူးလို့ မြင်တာပေါ့ဗျာ။”

ရခိုင်ပြည်နယ်အရေးနဲ့ ပက်သက်လို့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ဝေဖန်ပြစ်တင် ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် ခရီးစဉ်ကို လာရောက်ခဲ့တာဖြစ်ပါတယ်။ နေရပ်စွန့်ခွာရသူတွေအတွက် ပြန်လည် နေရာချထားရေး၊ အကူအညီတွေ ပေးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ဆောင်နေပါတယ်။ တဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေထဲကနေ ဟိန္ဒူ  ၅၀၀ ကို အရင်ဆုံး ပြန်လည်လက်ခံသွားမယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့အထိ မြန်မာဘက်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ဦးရေ ၅ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013