
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက်မှာ နိုဝင်ဘာ ၅ ရက်နေ့ မနက် ၂ နာရီဝန်းကျင်က မီးလောင်မှုတခုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ငါးပုစွန်ဒိုင် ၁၃ ဒိုင်နဲ့ နေအိမ် ၁၃ လုံး ဆုံးရှုံးသွားတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက ပြောပါတယ်။
ကျောက်ဖြူမြို့မရဲစခန်းက တာဝန်ရှိသူတဦးက “ကျောက်ဖြူမြစ်နားတန်းရပ်ကွက်မှာ လောင်တာပါ။ အဲ့ဒီမှာ ပုစွန်ဒိုင်တွေ၊ ငါးဒိုင်တွေ ရှိတယ်။ အဲ့ဒီ ငါးပုစွန်ဒိုင်တွေက စလောင်တာပါ။ ဘယ်ဒိုင်ကနေ စလောင်တယ်ဆိုတာတော့ မသိရသေးဘူး။ ကျနော်တို့ စုံစမ်းနေတုန်းပါ။ မီးကတော့ ၁ နာရီ ၃၀ လောက်မှာ လောင်တာပေါ့။ မီးက အရမ်းပြင်းတယ်ခင်ဗျ။ လေကလည်း တိုက်နေတယ်ဆိုတော့လေ။ မနက် ၃ နာရီလောက်မှာ မီးငြိမ်းသွားပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
လက်တလောမှာ မီးလောင်တဲ့အကြောင်းအရင်း မသိရှိရသေးဘဲ ဆုံးရှုံးမှုတန်ဖိုးလည်း မသိရသေးဘူးလို့ ရဲအရာရှိက ဆက်လက်ပြောပါတယ်။
“ပျက်စီးဆုံးဆုံးရှုံးမှုကတော့ အဲ့ဒီမှာ ငါးဒိုင်၊ ပုစွန်ဒိုင် ၁၃ ဒိုင်ပါသွားပါတယ်။ လူနေတဲ့ အိမ်ကတော့ ၁၃ အိမ်ပါ သွားပါတယ်။ လောလောဆယ်တော့ ပျက်စီးဆုံးရှုံးမှု အဲ့လောက် တွက်ထားပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်ဌာနက မထုတ်ပြန်သေးဘူးခင်ဗျ”လို့ ပြောပါတယ်။
မီးသတ်ကား ၅ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ကျောက်ဖြူမြို့မ ရဲစခန်းက တာဝန်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။
သတင်း-ဝဏ္ဏခွာညို











