DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အိမ်ဖော် မြန်မာမိန်းကလေး အလောင်းကို အုတ်ဂူဖျက် ပြန်ဖော်စစ်ဆေး
DVB
·
November 3, 2017
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ရာ့ခ်ျပူရီခရိုင် ဘန့်ပုန်မြို့နယ်မှာ လွန်ခဲ့တဲ့ ၃ လကျော်က အသက် ၁၇ နှစ်ရွယ်  မြန်မာအိမ်ဖော်မိန်းကလေးတဦး  သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး  ဂူသွင်းသဂြုင်္ိဟ်ခဲ့ပေမယ့် မနေ့ ညနေက အလောင်းကို ပြန်လည်စစ်ဆေးဖို့ တာဝန်ရှိသူတွေ သွားရောက်တူးဖော်ခဲ့ကြပါတယ်။

အလောင်းကို သွားမဖော်ခင် ဘန့်ပုန်မြို့နယ်ရဲစခန်းမှာ အမှတ် ၇ တိုင်းဒေသရဲဌာနချုပ် ဒုရဲမှူးကြီး ကရစ္စနာ ဆပ်တေချ ဦးဆောင်တဲ့ ခရိုင်နဲ့မြို့နယ် ရဲအရာရှိတွေ၊ သက်သေခံ အထောက်အထား စစ်ဆေးရေး ရဲတပ်ဖွဲ့နဲ့ ရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး သေဆုံးသူ မိန်းကလေးရဲ့ အလောင်း ပြန်ဖော်ရခြင်း အကြောင်းတွေ ရှင်းလင်းပြောကြားခဲ့ပါတယ်။

သတင်းစာရှင်းပွဲမှာ နယ်မြေခံရဲတပ်ဖွဲ့ သက်သေစစ်ဆေးရေး ရဲအရာရှိက သေဆုံးသူ  နန်းဆောင်ဝမ် (မြန်မာအမည် ညိုညိုအေး) မှာ သူ့ကိုယ်ကိုယ် သေနတ်နဲ့ အမှန်တကယ် သေကြောင်းကြံခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ကလည်း စစ်ဆေးအတည်ပြုခဲ့ပြီး နောက်ထပ် သရုပ်ဖော် ပြန်လုပ်ပြခဲ့ပါတယ်။

ဒါပေမယ့် သေဆုံးသူရဲ့ မိခင်နဲ့ အစ်မရော၊ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေစီ) ကပါ ညိုညိုအေးက သူ့ကိုယ်သူ သတ်သေတယ် ဆိုတာ ယုံကြည်မှု မရှိလို့ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး ပြန်လည်စစ်ဆေးပေးဖို့ ထိုင်းမြန်မာသံရုံးက အလုပ်သမားအရာရှိနဲ့အတူ လာရောက်တောင်းဆိုထားတာကြောင့် မြန်မာနယ်စပ် ဆွန်ဖိုင့်မြို့နယ် နောင်ဆရီရွာမှာ မြှုပ်နှံထားတဲ့ သူမအလောင်းကို ပြန်လည်တူးဖော်စစ်ဆေးပေးတာလို့ ရှင်းပြသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီအမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့မှ တာဝန်ခံ ကိုရဲမင်းက  မညိုညိုအေး သေဆုံးတဲ့ ကိစ္စမှာ နယ်မြေခံရဲတွေ ထိမ်ချန်ထားတာ၊ အလွဲလွဲ အချော်ချော် လုပ်ထားတာတွေ ရှိပြီး ဒီအမှုကို ပြန်စစ်ဆေးဖို့လည်း မလိုလားကြောင်း၊ ဒါကြောင့် သူတို့အဖွဲ့က ဘန်ကောက်က CSD လို့ခေါ်တဲ့ ထိုင်းနိုင်ငံ အကျင့်ပျက် လာာဘ်စားမှု တိုက်ဖျက်ရေး ဌာနကိုရော၊ ထိုင်းရှေ့နေနဲ့ မှုခင်းဆိုင်ရာ ဒီအန်အေ စစ်ဆေးရာမှာ အထူးကျွမ်းကျင်သူ  ဒေါက်တာဖွန်းထစ်ပ်ကိုပါ သွားရောက်တွေ့ဆုံ အကြံပြုချက်ယူပြီး ပြန်လည်လျှောက်ထားလို့ ခုလို  အလောင်းပြန်စစ်ဆေးကြတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“သံသယရှိစရာအချက်တွေတော့ အများကြီးပေါ့။ မိန်းကလေးက ဘယ်သန်တယ်၊ သေနတ်ကျည်ဆန်က ခေါင်းနောက်စေ့ညာဘက်ကနေ ဖောက်ထွက်တယ်၊  ပြီးတော့  နှစ်ကြိမ် ဘယ်လို လုပ်ပစ်နိုင်မလဲ။ သူတို့ မိန်းကလေးအလောင်းကို နယ်စပ်မှာရှိတဲ့ မိဆွေမျိုးတွေဆီပြန်ပို့တာ ဘာမှ စစ်ဆေးထားတဲ့ပုံစံမရှိဘူး၊ ရင်ခွဲမစစ်ဘူး၊ မုဒိမ်းကျင့်ခံရလား မစစ်ဘူး၊ သေနတ်ဒဏ်ရာရဲ့ အတိမ်အနက်ကိုမစစ်ဘူး၊ ဘာမှကို မစစ်ဘဲနဲ့  တန်းပြီးသင်္ဂြိုဟ်ခိုင်းတယ်။ ရဲက အမှုကို ပြန်မဖော်ချင်တော့ ကျနော်တို့ အများကြီး ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ ရှေ့နေတွေနဲ့ တိုင်ပင်တယ်၊ စီအက်စ်ဒီဌာနထိ တိုင်ကြားတယ်။ ဒေါက်တာဖွန်းထစ် ကိုယ်တိုင်ကလည်း မိန်းကလေး သူ့ကိုယ်သူ သတ်သေတာ မဖြစ်နိုင်ဘူးလို့ ပြောတော့ ကျနော်တို့လည်း အားရှိတယ်။ ထိုင်း-မြန်မာ သံရုံးကလည်း အရေးတယူ ကူညီဆောင်ရွက်ပေးတယ်။”

မညိုညိုအေးနဲ့ တအိမ်တည်းမှာ အလုပ်လုပ်ခဲ့သူ သူ့ရဲ့အစ်မ ဖြူဖြူအေးကလည်း ညီမဖြစ်သူမှာ သေနတ်ပစ်ဖို့ မပြောနဲ့ ကြက်တွေ မြွေတွေကိုတောင် မသတ်ရဲကြောင်း  ဒီဗွီဘီကို ပြောပါတယ်။

“ညီမလေးက တအားအေးပြီး ကြောက်တတ်တာ၊ သေနတ်ပစ်တတ်ဖို့ မပြောနဲ့၊ အရင်က မြင်တောင်မမြင်ဖူးဘူး။ ဟင်းချက်ဖို့ ကြက်လည်လှီးခိုင်းတောင် မရဲဘူး။ မြွေတွေ့လည်း မသတ်ရဲဘူး၊ ထွက်ပြေးတာပဲ။ သူဌေး ဆူရင်လည်း ဘာမှပြန်မပြောဘူး၊ သူဌေးက ကျမ ပြန်သွားလို့ ညီမ စိတ်ညစ်ပြီး သူ့ကိုယ်သူ သတ်သေတယ် ပြောတာ။ ကျမနဲ့ ဘာမှပြဿနာမရှိဘူး၊ ကျမကတော့ သူဌေးကို မဟုတ်ရင် ပြန်ခံပြောတတ်လို့ ကျမကို မုန်းတယ်လို့ သူဌေးက ပြောတယ်၊ ကျမတို့ဆွေမျိုးတွေတော့ အမှန်တရား သိချင်တာပေါ့နော်။”

သူတို့သူဌေးဟာ အိမ်ဆောက်ပရိဘောဂ ရောင်းဝယ်ရေး လုပ်ကိုင်ပြီး သူတို့ ညီအစ်မက အဲဒီအိမ်မှာ လစာ တလ ၉ ထောင်နဲ့ နှစ်နှစ်ကျော် လုပ်ကိုင်ခဲ့ကြောင်း၊ ပြဿနာကြီးကြီးမားမား မရှိခဲ့ပေမယ့်  သူကတော့ ဆက်မလုပ်ချင်လို့ ညီမကို ထားခဲ့ပြီး အလုပ် အရင်ထွက်ခဲ့တာလို့ ဆိုပါတယ်။

ကိုရဲမင်းကတော့ သူတို့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ထူးခြားတဲ့ အခြေမှန်တခု ထွက်ပေါ်မယ်လို့ ယုံကြည်ပြီး မြန်မာမိန်းကလေးတွေ၊ မြန်မာအိမ်ဖော်တွေ ထိုင်းနိုင်ငံမှာ မတရား အနိုင်ကျင့်ခံနေရတာ၊ သတ်ဖြတ်ပြီး အမှုဖျောက်ထားတာတွေကို နောက်နောင်ထပ်ပြီး မဖြစ်ရလေအောင်  ဒီအမှုနဲ့ နမူနာစံပြ လုပ်ဆောင်သွားမယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013