DVB Logo
Home
Lead Story
နိုင်ငံ့ဥကင်ထက်က ကြွက်သိုက်ကြီး ဖယ်ရှားနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မှရမယ်
DVB
·
November 3, 2017
Donate to DVB

 

နိုင်ငံတနိုင်ငံရဲ့ မြို့တော်ဆိုတာ အဲဒီနိုင်ငံရဲ့ ဥကင်အထွတ်အမြတ် အိမ်ဦးခန်း နေရာပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာ သုံးရပ်လုံးကို ပြည်သူ့ကိုယ်စား ကိုင်တွယ်ကျင့်သုံးနေတဲ့ နိုင်ငံတော်သမ္မတရုံး၊ အမျိုးသားလွှတ်တော်၊  ပြည်သူ့လွှတ်တော် စတဲ့ အစိုးရ ရုံးစိုက်နေရာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ မြို့တော်ဆိုတာ အဲဒီနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အရှိဆုံးနေရာ ဖြစ်နေရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကတော့ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော် လေဆိပ်မှာ အရင်အစိုးရအဖွဲ့ဟောင်းထဲက ပြည်ထောင်စုဝန်ကြီးအဆင့် ရှိတဲ့ အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းရဲ့ ခရီးဆောင်အိတ်ထဲကနေ သေနတ်တွေနဲ့အတူ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တာကြောင့်  ဖြိုးကိုကိုတင့်ဆန်းကို လည်းကောင်း၊ အတူလာသူ နှစ်ဦးဖြစ်တဲ့ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက်တို့ကိုလည်း တပါတည်း ဖမ်းဆီးလိုက်တဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။

နောက်ဆက်တွဲအနေနဲ့ ဆက်လက်ရှာဖွေရာမှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်၊ ရုံးခန်းနဲ့ ဟိုတယ်တွေကို ရှာဖွေရာမှာ သုံးရက်အတွင်း ပစ္စတိုနဲ့ မောင်းပြန်ရိုင်ဖယ် စတဲ့ သေနတ် စုစုပေါင်း ၂၁ လက်၊ ကျည်ဆန်ပေါင်း ၁,၀၀၀ နီးပါး ရှာဖွေတွေ့ရှိထားတယ်လို့လည်း သိကြရပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပွဲအပြီးမှာ ဦးဝင်းထိန်က “ဖြိုးကိုကိုတင့်ဆန်းနဲ့အတူ ဖမ်းမိခဲ့တဲ့ လက်နက်တွေဟာ သာမန် လက်နက်မျိုး မဟုတ်တာကြောင့် နိုင်ငံတော် အကြီးအကဲတွေရဲ့ လုံခြုံရေး အင်မတန်စိုးရိမ်စရာ ကောင်းတယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့ အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီကလေးတွေ လက်နက်တွေနဲ့ အများကြီး မိတယ်ဆိုတာ အင်မတန် စိုးရိမ်စရာကောင်းတယ်။ နောက်တခုက သူတို့လက်နက်က သာမန်လက်နက် မဟုတ်ဘူး။ ဒီစနိုက်ပါစကုပ်တွေ ပါတဲ့အခါကျတော့ အန္တရာယ်ကြီးတာပေါ့”လို့ ဦးဝင်းထိန်က ပြောခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ၂၀၁၂/၂၀၁၅ ရွေးကောက်ပွဲတွေမှာ အာဏာ လက်လွှတ်ခဲ့ရသူတွေထဲမှာ အရှုံးကို လက်မခံနိုင်သူတချို့နဲ့ သူတို့ရဲ့ သားသမီး အသိုင်းအဝိုင်းအချို့ဟာ တရားဥပဒေအထက်မှာ ဆက်နေလိုတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။

တကယ်တော့ အခုလို တရားမဝင် ကိုင်ဆောင်ထားတဲ့ လက်နက်တွေ မူးယစ်ဆေးဝါးတွေနဲ့ နေပြည်တော်လေဆိပ်မှာ မိတယ်ဆိုတာ ရေမျက်နှာပြင်အထက်မှာ ပေါ်နေတဲ့ ဧရာမရေခဲတုံးကြီးရဲ့ ထိပ်ဖျားအစွန်းလေးမျှ ဖြစ်တယ်ဆိုတာ မဟုတ်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ ရေပြင်အောက်မှာ မြှုပ်ပြီး ဖုံးကွယ်နေတဲ့ ရေခဲတုံး ကိုယ်ထည်ကြီးနဲ့တူတဲ့ ပြည်သူ့ခေါင်းထက်က နတ်ဆိုးတွေ၊ အပြောင်းအလဲကို မလိုက်ပါချင်သူတွေ၊ လက်မည်းကြီးတွေရဲ့ အသိုင်းအဝိုင်းတွေမှာ တရားမဝင် သိမ်းဆည်း ကိုင်ဆောင်နေတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ မရှိနိုင်ဘူးလို့ ဘယ်သူမှ တာဝန်ယူ အဖြေမပေးနိုင်ပါဘူး။

အဲဒီနတ်ဆိုးတွေဟာ ငွေကြေးဓနအင်အား ရှိတယ်၊ တရားမဝင် လက်နက်တွေ ရှိတယ်၊ လူသာမာန်တွေကို လှည့်စားစည်းရုံးလို့ လွယ်တဲ့ ဘာသာရေး၊ အမျိုးသားရေးကိစ္စတွေကို အသုံးချ လှည့်ဖြားတတ်တဲ့ မာယာလည်း ရှိတယ်ဆိုတာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ NLD အရပ်သားအစိုးရကို အခက်ကြုံစေအောင် ရည်ရွယ်လုပ်ဆောင်တဲ့ လှုံ့ဆော်စည်းရုံးမှုတွေက ညွှန်ပြနေပါတယ်။

အဲဒီ ဧရာမနတ်ဆိုးရေခဲတုံးကြီးကို ဖယ်ရှားပစ်နိုင်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မဖြစ်မနေ ပြင်မှ ရမှာပါ။ ဘာကြောင့်လို့လည်းဆိုတော့ ၂၀၀၈ ဥပဒေကိုယ်၌က ပြည်သူ့ဦးခေါင်းးထက် အိမ်ဦးခန်းမှာ လူတစုကို အခွင့်ထူးခံခွင့် ပေးထားလို့ပါပဲ။ မမှန်ကန်တဲ့ အုပ်ချုပ်ပုံစနစ်အောက်မှ မတရားမှုတွေ၊ ကိုယ့်ပေါင်မို့ ကိုယ်ပြန်မထောင်းချင်တာဖြစ်ဖြစ် သိနေ မြင်နေပါရက်နဲ့ မျက်စိမှိတ်ထားမှုတွေ၊ ဥပဒေ ချိုးဖောက်မှုတွေဆိုတာ ဒုနဲ့ဒေး ရှိနေနိုင်ပါသေးတယ်။

နိုင်ငံတနိုင်ငံရဲ့ မြို့တော်ဆိုတာ အဲဒီနိုင်ငံရဲ့ နှလုံးသားနဲ့လည်း တူပါတယ်။ သန့်စင်တဲ့ နှလုံးသွေးတွေနဲ့ လည်ပတ်နေမှ ခန္ဓာအိမ်ကြီးတခုလုံး ကျန်းမာနိုင်ပါတယ်။ အခုအခြေအနေက မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်ဆိုတာ လက်နက်နဲ့ အကြမ်းဖက် အဖြေရှာခဲ့တဲ့ အောင်ဝင်းခိုင်လို ရာဇဝတ်သားတွေ လူသတ်သမားတွေ ပေါ့ပေါ့ပါးပါး ရှိမ်းဆာရာပိုမောက်လို့ ကိုယ်ယောင်ဖျောက်နိုင်တဲ့ နေရာ၊  မူးယစ်ဆေးမှုနဲ့ ဝရမ်းပြေးတွေ၊ ဟိုတယ် မန်နေဂျာအနေနဲ့ ကွန်းခိုရာ၊ တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူလူထု ပိုက်ဆံတွေနဲ့ ကြီးပွားနေသူတွေ ဇိမ်ခံရာနေရာ၊ ဥပဒေအထက်မှာ နေသူတွေ လူရာဝင်နေရာ အရပ်၊ လက်နက်အားကိုး ဗိုလ်ကျတတ်သူတွေ တွင်ကျယ်နေတဲ့ နေရာ၊ လူမျိုး ဘာသာရေး မုန်းတီးမှုတွေ လှုံ့ဆော်နေသူတွေရှိတဲ့နေရာ၊ အစွန်းရောက် အမျိုးသားရေးလှုံ့ဆော်မှုတွေ မြစ်ဖြားခံလာရာ အရပ်လိုဖြစ်ပြီး နိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းမှုအရေးကို နှောင့်ယှက်ဖျက်ဆီးနေသူတွေ ခြေချင်းလိမ်နေတဲ့ အရပ်ဌာန ဖြစ်နေခဲ့တာ လူတိုင်း မြင်သာပါတယ်။

အဲဒီအချက်က ဘာကို ညွှန်ပြနေသလဲဆိုရင် တရားဥပဒေ စိုးမိုးရေးကို စောင့်ကြပ်ထိန်းသိမ်းရမယ့် နိုင်ငံလုံခြုံရေး ဆောင်ရွက်ရမယ့် အဖွဲ့တွေဟာ သူတို့ တာဝန်ကို နိုင်နိုင်နင်းနင်း မဆောင်ရွက်နိုင်တာဖြစ်ဖြစ်၊ ဆောင်ရွက်ဖို့ အခြေအနေမပေးလို့ ဖြစ်ဖြစ်၊ ကိုယ့်ပေါင်မို့ ကိုယ် ပြန်မထောင်းချင်တာဖြစ်ဖြစ် မပြေးသော် ကန်ရာရှိသဘော ဖြစ်နေပါတယ်

ပြဿနာတိုင်းမှာ အရင်းခံ အကြောင်းတရား (root cause) ဆိုတာ ရှိပါတယ်။ အခုဖြစ်နေတဲ့ နေပြည်တော် နယ်မြေအတွင်းက တရားဥပဒေ မစိုးမိုးခြင်းတွေ ဆိုတဲ့ ဆိုးကျိုးရလဒ်ရဲ့ အရင်းခံ အကြောင်းတရားက ၂၀၀၈ ဖွဲ့စည်းပုံက မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးဖို့ဆိုရင် အပြောင်းအလဲကို မလိုက်ပါလိုတဲ့ အရင် အာဏာပိုင်ဟောင်း အသိုင်းအဝိုင်းအချို့ကို ဥပဒေအထက်မှာ နေခွင့်ပေးထားတာ နိုင်ငံတော်ရဲ့ အိမ်ဦးခန်းမှာ မတော်တရော် လုပ်နေတာကို ကျောသား ရင်သား မခွဲဘဲ ထိထိရောက်ရောက် တားမြစ်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီ စံရည်စံညွှန်းတွေနဲ့ ညီလာအောင် မဖြစ်မနေ ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။

အခက်အခဲများစွာ ရင်ဆိုင်နေရတဲ့ မြန်မာ့နိုင်ငံရေးအတွက် အရေးပါဆုံး စိန်ခေါ်မှု သုံးရပ် ရှိပါတယ်။ အဲဒါတွေကတော့ …

၁) တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက်ဖို့

၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး ရအောင် တည်ဆောက်နိုင်ဖို့

၃) စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။

အထက်ပါ အရေးပါဆုံး စိန်ခေါ်မှု ၃ ရပ်လုံးဟာလည်း တရပ်နဲ့ တရပ် အပြန်အလှန် ဆက်စပ်နေပြီးတော့ ဒါတွေကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ညွှန်ပြ ဦးတည်နေတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပါပဲ။ ပြည်သူအများစု အကျိုးကို မဖော်ဆောင်တဲ့ ဒီဥပဒေကို အမြန်ဆုံး ပြင်ဆင်နိုင်ရင် နိုင်ငံနဲ့ ပြည်သူအတွက် ဆုံးရှုံးမှု နည်းမယ်။ အချိန်ဆွဲနေသရွေ့ ဆုံးရှုံးမှုများပြီး အများပြည်သူတွေအတွက် အထူးနစ်နာလှပါတယ်။

မမှန်ကန်တဲ့ ဒီ ၂၀၀၈ အခြေခံဥပဒေကို ပြင်နိုင်အောင် မြန်မာနိုင်ငံသားတိုင်း မိမိ လုပ်နိုင်စွမ်းနိုင်သလောက် ဝိုင်းဝန်းအားဖြည့်ကူညီကြဖို့ လိုတယ်။ ကိုယ်အား၊ လုပ်အား၊ စိတ်အား၊ ငွေကြေး၊ နည်းပညာ အတတ်ပညာ အကြံဉာဏ် အစုအဖွဲ့အားတွေ ပူးပေါင်းပါဝင်ကြဖို့ လိုတယ်။

ဥပမာ IT ပညာရှင်တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ မိုဘိုင်းအပလီကေးရှင်း (Mobile APP) တွေ ရေးပြီး လူထုကြား ဖြန့်တာ၊ စာရင်းကောက်တာတွေ လုပ်နိုင်ပါတယ်။ မြို့ နယ်တိုင်း၊ တက္ကသိုလ်ကျောင်းတိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီတွေ ဖွဲ့နိုင်ပါတယ်။ အများအားနဲ့ ဝိုင်းစဉ်းစားပြီး ဆန်းသစ်တီထွင် စဉ်းစားကြည့်ရင် နည်းလမ်းများစွာ ထွက်လာနိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ကျနော်တို့ခေတ်ရဲ့ အရေးကြီးဆုံး သမိုင်းပေး တာဝန်တရပ် ဖြစ်တာမို့ NLD အရပ်သားအစိုးရကိုသာ အားထား ထိုင်စောင့်နေဖို့ မသင့်တော်ပါဘူး။ ကိုယ့်အရေး ကိုယ့်ကိစ္စကို ကိုယ်တိုင် အားစိုက်ကြရမှာပါ

တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ မိုးကျရွှေကိုယ် အခွင့်ထူးခံ ဒီမိုကရေစီကိုသာ ကိုယ်စားပြုထားပါတယ်။

၁) ပြည်သူလူထု အများစုရဲ့ ဆန္ဒကို မထင်ဟပ်ဘူး

၂) ပြည်သူ့အာဏာ ပြည်သူ အုပ်စိုးမှုကို အာမခံ မထားဘူး။

၃) ပြည်သူက ဒီဖွဲ့စည်းပုံကို ဖျက်ချင် ပြင်ချင်ရင်တောင် ဖျက်ခွင့် ပြင်ခွင့် မရှိဘူး။

၎) ပြည်သူ့အကျိုးစီးပွားကို ကိုယ်စားမပြုဘူး။

၅) တရားဥပဒေ စိုးမိုးမှုအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်တယ်။

၆) ဒီမိုကရေစီ စံရည်စံနှုန်းတွေနဲ့ မကိုက်ညီဘူး။

၇) ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးအတွက် ခလုတ်တံသင်း ဖြစ်တယ်။

၈) ဥပဒေအထက်မှာ လူတစုကို နေရာပေးထားတယ်။

၉) နိုင်ငံသားအားလုံးအတွက် ခွင့်တူညီမျှမှု မရှိဘူး။

၁၀) တာဝန်ခံမှု တာဝန်ယူမှု ပျောက်ဆုံးအောင် ပြဋ္ဌာန်းထားတယ်။

၁၁) လူတစု အကျိုးစီးပွားကိုသာ အလေးအနက် အကာအကွယ်ပေးထားတယ်။

၁၂) နိုင်ငံအလံ အမှတ်အသားနဲ့ နိုင်ငံအမည်ကို ပိုင်ရှင်ပြည်သူတွေရဲ့ ခွင့်ပြုချက်ကို မှန်မှန်ကန်ကန်နဲ့ မယူဘဲ ပြောင်းလဲပစ်ခဲ့တယ်။

အဲဒီလို မကောင်းတဲ့ လက္ခဏာတွေနဲ့ ပြည့်နှက်နေပြီး ပြည်သူအများစု မနှစ်သက် မလိုလားတဲ့၊ လာခြင်းမကောင်းတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကြီးဟာ အာဏာနိုင်ငံရေး (ပါတီနိုင်ငံရေး)ကိစ္စ မဟုတ်ဘူး။ ပြည်ထောင်စုကြီးရဲ့ အရေး၊ တမျိုးသားလုံးရဲ့ အရေး၊ တတိုင်းတပြည်လုံးအရေး၊ အမျိုးသားနိုင်ငံရေးကိစ္စကြီး ဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ဘယ်သူ့ရဲ့ ဘဝမှ မလုံခြုံပါဘူး။ ဘာလို့လဲဆိုတော့ တရားဥပဒေ စိုးမိုးမှုမရှိစေလို့ပါပဲ။ ဥပဒေအထက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတရပ် သို့မဟုတ် လူတစုကို နေခွင့်ပေးထားသရွေ့၊ တရားဥပဒေစိုးမိုးရေးကို စောင့်ကြပ်ထိန်းသိမ်းရမယ့် လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပြည်သူ တင်မြှောက်တဲ့ အစိုးရ လက်အောက်မှာ အခြေခံဥပဒေအရ တိတိကျကျ မရှိနေသရွေ့ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဥပဒေအထက်မှာ နေလိုတဲ့ စရိုက်ဆိုးတွ၊ အခွင့်ထူးခံလိုတဲ့ အကျင့်ဆိုးတွေကို အမြစ်လှန်နိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု ဆန္ဒအတိုင်း ဖက်ဒရယ် ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ပြင်ဆင်နိုင်မှသာ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် ဆောင်ရွက်နိုင်လို့ တရားဥပဒေ နောက်ကွယ် သမုဒ္ဒရာရေပြင်အောက်မှာ ပုန်းကွယ်နေတဲ့ ဧရာမရေခဲတုံးကြီးရဲ့ ရေပြင်ပေါ်မှာ မတော်တဆ ဖြစ်ဖြစ်၊ အကြောင်းတခုခုကြောင့် ဖြစ်ဖြစ် ထွက်ပေါ်လာတဲ့ ရေခဲတုံး ထိပ်ဖျားလေးနဲ့တူတဲ့ ဖြိုးကိုကိုတင့်ဆန်းတို့လို ကိုင်းဖျား ကိုင်းနားလေးတွေသာမက ရေပြင်အောက်မှာ ဖုံးကွယ်နေတဲ့ ဧရာမရေခဲတုံးကြီးကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါကြောင်း အလေးအနက် တင်ပြလိုက်ပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013