အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမည်
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ရက်ခ်စ် တေလာဆင်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံ နေပြည်တော်ကို လာရောက်ပြီး မြန်မာအဆင့်မြင့်ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးဖို့ ရှိနေပါတယ်။
ရခိုင်ပြည်နယ်က လူသားချင်း စာနာကူညီမှုဆိုင်ရာ အရေးကိစ္စနဲ့ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းအတွက် အမေရိကန် အကူအညီကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒါဟာ တေလာဆင်ရဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ် ဖြစ်မှာပါ။
ဝန်ကြီးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် ခရီးစဉ်တွေမှာ လိုက်ပါမှာဖြစ်ပြီး၊ မြန်မာနိုင်ငံကို အပိုခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟယ်သာနောင်းဝပ်က ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုဝင်ဘာ ၄ ရက်ကနေ ၁၆ ရက်အထိ နိုင်ငံခြားရေးဝန်ကြီး ရက်ခ်စ်တေလာဆင်ရဲ့ ၆ နိုင်ငံခရီးစဉ် အသေးစိတ် အချက်အလက်တွေကို ထုတ်ပေးထားပြီး ဖြစ်ပါတယ်။











