DVB Logo
Home
မြန်မာသတင်း
သင်ဆရာ မရှိပေမယ့် ကလေးဘဝ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ လူငယ်လေး (ရုပ်သံ)
DVB
·
November 3, 2017
Donate to DVB


အသက် ၁၉ နှစ်သာရှိသေးပြီး အတန်းပညာအားဖြင့် ၄ တန်းအထိသာ ပညာသင်ကြားခဲ့ဖူးတဲ့ မောင်ကျော်ဇင်ဝင်းက အခုဆိုရင် ငယ်ငယ်ကလေးဘဝကတည်းက စိတ်ကူးခဲ့တဲ့ တနေ့  လယာဉ်ပျံတစီး တည်ဆောက်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်လိုက်ပြီ ဖြစ်ပါတယ်။

ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီး အချိန်တွေလည်း များစွာပေးဆပ်ခဲ့ရပါတယ်။  အများပြည်သူအတွက်၊ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာဒေသတွေက ပြည်သူတွေအတွက်၊ နောက်ပြီး နိုင်ငံအတွက် ရည်ရွယ်ကာ တယောက်စီး လေယာဉ်ငယ်လေးကို စမ်းသပ်တီထွင်လိုက်တာပါ။

ဒီလေယာဉ်ငယ်လေး တည်ဆောက်နိုင်ဖို့ သူ တတ်ကျွမ်းတဲ့ လက်သမားအလုပ်က ရတဲ့ ဝင်ငွေတွေကို စုစည်းကာ ၈ လခန့်အကြာ လူသိမခံဘဲ တိတ်တဆိတ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော် လေယာဉ်လုပ်ချင်တာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာ။ ကျနော်ကိုယ်တိုင်လည်း စီးချင်တယ်။ သူများတွေလည်း စီးစေချင်တယ်။ နိုင်ငံတော်တိုးတက်ဖို့အတွက် အဓိကထားပြီး လုပ်တာပါ။ ကျနော့်မှာ ဆရာ မရှိခဲ့ဘူး။ ကျနော့်ဘာသာ လေယာဉ်အသေးလေးတွေ စလုပ်ပြီးတော့ စမ်းသပ်ခဲ့တယ်။ စိတ်တိုင်းကျပြီဆိုမှ ဒီလိုအကြီးကို လုပ်ခဲ့တာပါ”လို့ တယောက်စီး လေယာဉ်ငယ်တီထွင်ခဲ့တဲ့ ကိုကျော်ဇင်ဝင်းက ပြောပါတယ်။

ငယ်စဉ်ကတည်းက အများသောအားဖြင့် တယောက်တည်း နေတတ်ပြီး လေယာဉ် တည်ဆောက်နိုင်ရေးသာ သူ့ရဲ့အိပ်မက်၊ သူ့ရဲ့ဘဝအဖြစ် ခံယူကာ တနေ့ လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ တွေးတောကြံဆနေခဲ့တာပါ။

စက်ပစ္စည်းမှန်သမျှ စိတ်ဝင်စားပြီး ရေဒီယို၊ ကက်ဆက်၊ တီဗွီ၊ ဆိုင်ကယ်နှင့် တလုံးထိုး အင်ဂျင်ပြင်တာတွေကိုလည်း သူများပြင်ရင် ထိုင်ကြည့်တတ်သလို သူကိုယ်တိုင်လည်း ပြင်တယ်လို့ဆိုကြပါတယ်။

အခုလည်း တယောက်စီး လေယာဉ်ငယ်လေးမှာ တပ်ဆင်ထားတဲ့ ဟွန်ဒါအမျိုးအစား ၁၆ ကောင် အင်ဂျင်လေးကို သူကိုယ်တိုင် အဟောင်းတွေရှာ၊ လိုတဲ့ပစ္စည်း ဝယ်ထည့်ပြီး ပြုပြင်ထားတာ ဖြစ်ပါတယ်။ ရှိတာလေးနဲ့ဖြစ်အောင် ရှာကြံစုဆောင်းလို့ တီဗွီရုပ်ရှင်တွေထဲမှာ ကြည့်ဖူးသမျှ လေ့လာမှတ်သားပြီး ယုံကြည်မှုအပြည့်နဲ့ ဖြစ်ရမယ်ဆိုတဲ့စိတ်မွေးကာ လက်တွေ့ အကောင်အထည်ဖော် တည်ဆောက်ထားတာပါ။

အခုဆို သူ့အကြောင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပြီး အားပေးသူတွေ ရှိသလို၊ ဝေဖန်ကဲ့ရဲ့တာတွေလည်း များစွာရှိနေပါတယ်။

လိုအပ်ချက်တွေများစွာ ရှိနေသေးတာ မှန်ပေမယ့် သင်ဆရာမရှိဘဲ ယုံကြည်ချက်အတိုင်း အကောင်အထည်ဖော်ရဲတဲ့ သတ္တိကိုတော့ လေးစားရမည်သာ။

သူ့လေယာဉ်က အရမ်းရိုးရှင်းတယ်။ ခေတ်မီနည်းပညာ ဘာမှမပါလို့ ပြောလို့ရအောင် ရိုးရှင်းလှတယ်။ အင်ဂျင်ပါဝါ ဒိုင်ခွက်မရှိ၊ လေဖိအားတိုင်းမယ့် ဒိုင်ခွက်မပါ၊ မြန်နှုန်း တိုင်းမယ့်ကိရိယာ မရှိ၊ အမြင့်တွက်ချက်ပေးမယ့် စနစ်မရှိ။ ပြောရရင် ဟန်ပြသက်သက် လုပ်ထားတဲ့ အရာတခုလို့သာ ထင်ရတယ်။

လူတွေ ဘယ်လောက်ပဲ ကဲ့ရဲ့ ကဲ့ရဲ့၊ စမ်းသပ်လေ့ကျင့်ရင်း မတော်တဆ သေဆုံးရမယ် ဆိုရင်တောင် ဝမ်းပန်းတသာနဲ့ အသေခံဖို့ ပြင်ဆင်ထားတဲ့ပုံ။

စမ်းသပ်မောင်းနှင်ဖို့ ပြင်ဆင်ထားတာနဲ့ပတ်သက်ပြီးတော့လည်း ကိုကျော်ဇင်ဝင်းက “ကျနော့်ကိုယ် ကျနော် မိုက်ရူးရဲဆန်တယ်လို့ မတွေးမိပါဘူး။ ကိုယ့်ဟာကိုယ် ယုံကြည်တယ်။ သူများလုပ်တာ ဆိုရင်တော့ မမောင်းရဲဘူး။ အသက်အန္တရာယ်အတွက်လည်း မစိုးရိမ်ပါဘူး။ ကျနော်လုပ်တာ ဘယ်ဟာက ဘာ၊ ဘယ်နားမှာ ဘာရှိတယ်ဆိုတာ အကုန်သိပြီးသားလေ။ ပထမဆုံး စမ်းသပ်ခွင့်ရရင်တောင်မှ အပေါ်တက်သွားခဲ့ရင် ကျနော် ရေကြောင်းမှာ အရင်ဆုံးပျံမှာ။ အဲဒီမှာ အောင်မြင်ပြီဆိုမှ ကုန်းပေါ်ကို ဆင်းမှာ။ တကယ်လို့ပျံသန်းရင်း အင်ဂျင်ချို့ယွင်းလို့ ပျက်ကျခဲ့ရင်တောင် တအားကြီး မြန်မြန်မကျဘူး။ တောင်ပံတွေက ဝဲကျတယ်။ အရေးကြီးဆုံးက စက်နဲ့ ပန်ကာပဲ။ စက်နဲ့ပန်ကာ သို့မဟုတ် တခုခု ဖြစ်ရင်တောင် ဖြည်းဖြည်းချင်းကျတာဖြစ်လို့ လူကို တအားကြီးတော့ အသက်အန္တရာယ်မပေးဘူး”လို့ ပြောပါတယ်။

ဒီလေယာဉ် မတည်ဆောက်ခင်မှာ လေယာဉ်ငယ်တွေကိုလည်း စမ်းသပ်ခဲ့ပြီး အောင်မြင်ပြီ ဆိုမှ ခုလို လူတယောက် တင်ဆောင်မောင်းနှင်နိုင်မယ့် လေယာဉ်ကို တီထွင်ခဲ့တာလို့ ဆိုပါတယ်။

စမ်းသပ်ခဲ့တဲ့ လေယာဉ်ငယ်လေးတွေကတော့ ရွာရေလျှံတုန်းက ရေထဲ မျောပါသွားခဲ့ပြီလို့ ပြောပါတယ်။ ခုတည်ဆောက်ထားတဲ့လေယာဉ်က ပန်ကာကနေ အမြီးထိ အလျား ၁၄ပေ၊ တောင်ပံ ၁၇ ပေရှိပြီး အလေးချိန် တိတိကျကျ မသိပေမယ့် အနည်းဆုံး လူကြီး ၄ ယောက်မှ မ နိုင်မှာပါ။

ဒီလေယာဉ်သတင်းက တနိုင်ငံလုံးမှာ ပျံ့နှံ့ခဲ့သလို အနီးအနားက ရွာတွေကလည်း လာရောက်ကြည့်ရှု လေ့လာသူတွေနဲ့ စည်ကားနေပါတယ်။ နာမည်ကြီးချင်လို့ လုပ်ခဲ့တာ မဟုတ်ပေမယ့် လက်တွေ့မှာတော့ ပျံသန်းပြမယ့်နေ့ကို စောင့်ရင်း လူပြောများတဲ့ ကိစ္စတခု ဖြစ်နေပါပြီ။

စမ်းသပ်ပျံသန်းဖို့ အဆင့်သင့်ဖြစ်နေပြီး အစိုးရရဲ့ ခွင့်ပြုမိန့်ရရင် စတင် စမ်းသပ် ပျံသန်းကြည့်တော့မှာပါ။ ဒီဟာ အောင်မြင်သွားရင် အလူမီနီယံကိုယ်ထည်၊ အင်ဂျင်အသစ်တွေနဲ့ နောက်ထပ် လေယာဉ်ငယ်တွေကိုလည်း တည်ဆောက်ဖို့ စိတ်ကူးနေပါတယ်။

လေယာဉ်တင်မက အသေးစားရဟတ်ယာဉ်တွေပါ တည်ဆောက်ချင်တယ်လို့ ပြောပါတယ်။

မုံရွာနဲ့ ၆ မိုင် ဝေးကွာပြီး လူသူအရောက်အပေါက် နည်းတဲ့ ချင်းတွင်းမြစ်ကမ်းဘေးက လူငယ်လေးတယောက်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ပတ်သက်ပြီး တရွာလုံးကလည်း ဂုဏ်ယူမဆုံး ဖြစ်နေကြပါတယ်။

နောက်ထပ် တည်ဆောက်မှုတွေမှာလည်း ရွာအနေနဲ့ တတ်နိုင်သလောက် ကူညီထောက်ပံ့ဖို့ ပြင်ဆင်နေပါတယ်။ မိဘရဲ့ စီးပွားရေးအခြေအနေကြောင့် မောင်နှမ သုံးယောက်လုံး ပညာကောင်းကောင်း မသင်ခဲ့ရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးတွေနဲ့တန်းတူ အလုပ်လုပ်ကိုင်ခဲ့ကြရတာပါ။

ဒါပေမဲ့ လူငယ်တယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ လေ့လာမှုတွေနဲ့ ပေါင်းစပ်ပြီး အခွင့်အရေးရတဲ့အချိန် လက်တွေ့အကောင်အထည်ဖော်လိုက်တဲ့အခါ အောင်မြင်မှုဆိုတာ လက်တကမ်းအလိုကို ရောက်ရှိလို့လာပါပြီ။

ကိုကျော်ဇင်ဝင်းရဲ့အမေဖြစ်သူ ဒေါ်အေးရီက “အန်တီတို့ကတော့ သူ့ကို လိုအပ်တဲ့ ငွေလေးတွေကို ထောက်ပံ့ရတာပေါ့။ ကိုယ်က မပြည့်စုံတဲ့အခါကျတော့ လုပ်အားခလေးရတဲ့အခါ ၁ သောင်းပေးလိုက်၊ ၂ သောင်းပေးလိုက်။ လိုတာလေး ဝယ်ထည့်လိုက်နဲ့ လုပ်လာခဲ့ရတာ။ ဒါကြောင့်လည်း ဒီလောက်ကြာတာပေါ့။ သူက ဒါမှမလုပ်ရရင် တမှိုင်မှိုင်တထွေထွေနဲ့ နေလို့ သူ စိတ်ကျေနပ်အောင် ခွင့်ပြုရတာ။ ဒီလိုလုပ်တာတွေက ငယ်ငယ်ကတည်းက ဝါသနာပါတာ ဆိုတော့လည်း ခွင့်ပြုပေးရတာပေါ့” လို့ ပြောပါတယ်။

“သူက ငယ်ငယ်လေးကတည်းက ကက်ဆက်တွေ ပြင်တယ်။ ရေဒီယိုတွေ ပြင်တယ်။ နောက်ပြီး အိမ်မှာဆိုလည်း ဆိုင်ကယ်ပျက်ရင် ညီအစ်ကို ၂ ယောက် နှိုက်ကြတယ်။ တော်တော်တန်တန်တော့ အိမ်တင်ပဲ ပြင်တယ်။ မနိုင်မှ ဆိုင်ပို့တာ။ သူက လက်သမား မလုပ်ချင်တော့ဘူးတဲ့။ လေယာဉ်ပဲ လုပ်ချင်တယ်တဲ့။ အဲဒါနဲ့ တခါတလေ ကျနော် ယူကျု့တို့ ဘာတို့ကြည့်ရင် သူ့ကို ပြရတယ်။ လေယာဉ်လုပ်တာတွေ ဘာတွေပေါ့။ သူ့အတွက်ကတော့ အစ်ကိုတယောက်အနေနဲ့ ဘာပဲဖြစ်ဖြစ် ဂုဏ်ယူပါတယ်”လို့ အစ်ကိုဖြစ်သူ ကိုသန်းဝင်းနိုင်ကလည်း ပြောပါတယ်။

လက်ရှိမှာတော့ လေယာဉ်ပျံဖို့က အဆင်သင့်ဖြစ်နေပြီး အစိုးရရဲ့ ခွင့်ပြုမိန့်တခုသာ လိုတော့တာ ဖြစ်ပါတယ်။ သူ့ကိုယ်သူလည်း ပျံနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။ ဒီလေယာဉ်ငယ်နဲ့ပတ်သက်ပြီး သတင်းစာမျက်နှာတွေမှာလည်း ထူးခြားချက်တခုအနေနဲ့ ဖော်ပြနေကြပါတယ်။

ကျွန်းကြီးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်က “ကျနော့်ဆီကိုတော့ အောက်တိုဘာလ ၂၅ ရက်နေ့က စမ်းသပ်ပျံသန်းခွင့်ပြုဖို့ အကြောင်းကြားလာတယ်။ ကျနော်ကလည်း ခွင့်ပြုလို့ မရလို့ ၃၀ ရက်နေ့မှာ မြို့နယ်ထွေအုပ်ကို တင်ပေးတယ်။ ထွေအုပ်ကလည်း သူ့အနေနဲ့ ခွင့်ပြုမရလို့ ခရိုင်၊ တိုင်းအဆင့်ဆင့် တင်ပြပြီး တိုင်းက ခွင့်ပြုမှ ပျံသန်းခွင့်ပြုမယ်လို့ ပြောထားပါတယ်။ တကယ်လို့ ဒီလေယာဉ်ပျံသန်းခွင့် မရဘူးဆိုရင်တော့ သူ တတ်ထားတဲ့ လက်မှုပညာနဲ့ ရည်ရွယ်ချက်တွေကို မအောင်မြင်မှာကို စိုးရိမ်နေတာပါ။ အခုလုပ်ထားတဲ့ လေယာဉ်ပျံကိုတော့ ကျေးရွာအနေနဲ့ ပံ့ပိုးမှု မလုပ်နိုင်သေးပါဘူး။ ဒီဟာ အောင်မြင်သွားလို့ နောက်ထပ် ဆက်လုပ်မယ် ဆိုရင်တော့ ကျေးရွာအနေနဲ့က ကုန်ကျငွေကို အကုန်လုံး တာဝန်ယူပြီးတော့ ဆောင်ရွက်ပေးသွားမှာပါ”လို့ ပြောပါတယ်။

လေယာဉ် စမ်းသပ်ပျံသန်းဖို့ကတော့ တန်ဆောင်မုန်းလပြည့်နေ့ ကျေးရွာစုပေါင်းဘုံ ကထိန် အပြီးမှာ ရွာအနားမှာပဲ ပျံသန်းဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ကတော့ မရရှိသေးပါဘူး။

လူငယ်လေးတယောက်ရဲ့အိပ်မက်၊ လူငယ်လေးတယောက်ရဲ့ စိတ်ကူး၊ လူငယ်လေး တယောက်ရဲ့ စွမ်းဆောင်ချက်တွေကို လက်တွေ့အပြည့်အဝ အကောင်အထည်ဖော်နိုင်မလား၊ မဖော်နိုင်ဘူးလား ဆိုတာတော့ အစိုးရရဲ့ ခွင့်ပြုချက်ပေး၊ မပေး အပေါ်မှာပဲ မူတည်နေသလို ဖြစ်နေပါပြီ။

အစိုးရအနေနဲ့ ခွင့်ပြုချက်ပေးရင်လည်း ဘာတွေ လုပ်ဆောင်ဖို့လိုတယ်။ ဘာတွေ လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေပေးဖို့ လိုသလို၊ ခွင့်ပြုချက်မပေးရင်လည်း ဘာဖြစ်လို့ မပေးရတယ် ဆိုတာကို လက်တွေ့ကြည့်ရှုစစ်ဆေးပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်သင့်ပါတယ်။

လူတယောက်စီး လေယာဉ်ငယ်လေးကို ရှိတာလေးတွေ စုဆောင်းပြီး အချိန်ယူ တည်ဆောက်ခဲ့တဲ့ လူငယ်လေး မောင်ကျော်ဇင်ဝင်းကတော့ တကယ်လို့ အစိုးရက ခွင့်မပြုရင်လည်း သူ့ရဲ့အိပ်မက်ကို ဖြစ်တဲ့နည်းနဲ့ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပါကြောင်း…………..။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013