အထက်မင်းလှတွင် ရိုးရာလှေပြိုင်ပွဲနှင့် ရှားမီး ၁၅၀၀ မီးမျှောပူဇော်ပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့မှာ ရိုးရာလှေပြိုင်ပွဲနဲ့ ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်အား ရည်စူးပြီး ရှားမီး ၁၅၀၀ မီးမျော ပူဇော်ပွဲကို နိုဝင်ဘာ ၂ ရက်နေ့ မနက်က ကျင်းခဲ့ပါတယ်။
ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ဦးအောင်သန်းဝင်းက “ဒီပြိုင်ပွဲ မဖြစ်တာ ၁၀ နှစ်လောက် ရှိပြီ၊ ဒီနှစ်မှ ရိုရာပွဲလေးဖော်ထုတ်ချင်တယ်ဆိုလို့ ဝိုင်းဝန်းလုပ်ဖြစ်ကြတာ၊ အမျိုးသားအသင်း ၁၁ သင်းနဲ့ အမျိုးသမီးအသင်း ၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ ဆုချီးမြှင့်မှာဖြစ်တယ်။ ပထမ ဆု ၉၀၀၀၀ ကျပ်၊ ဒုတိယဆု ၇၀၀၀၀ ကျပ်၊ တတိယ ဆု ၅၀၀၀၀ကျပ် အပြင်နှစ်သိမ့်ဆုအနေနဲ့ ပြိုင်ပွဲဝင်လှေတစီးကို ၁၀၀၀၀ ကျပ်ဆီ ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရှားမီးမျှောတယ်ဆိုတာက ကျနော့်အမြင်တော့ ခုနစ်ရက်သားသမီးတွေ ရှားပါးမှုတွေ ကင်းစင်ပြီး အပူမီးတွေ ငြိမ်းအေးအောင်လို့ မီးမျှော ပူဇော်တာဖြစ်တယ်”လို့ ပြောပါတယ်။
Crystal House လှေလှော်အသင်း ဦးဆောင်သူ ဦးမြင့်ရွှေက “ကျနော်တို့ ပင်ပန်းခံပြီး ဝီရိယထားပြီး ကြိုးပမ်းခဲ့တဲ့ပွဲလေး ဖြစ်မြောက်ခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိတယ်၊ ပြိုင်ပွဲဝင်ဖို့အတွက် နေ့တိုင်း လေ့ကျင့်ရတယ်။ အလုပ်မအားတဲ့ကြားထဲက လချီ လေ့ကျင့်ရတယ်။ လက်ပန်းမကျဘဲ ပန်းတိုင်ရောက် အနိုင်ရရှိအောင် ကြိုတင်ပြင်ဆင်ထားတယ်။ နိုင်မယ်လို့လည်း ယုံကြည်တယ်”လို့ ပြောပါတယ်။
မင်းလှမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းခင်(ခေါ်)ဦးကျော်ကြီးက "လှေပြိုင်ပွဲ ဆိုတာ မြန်မာ့ရိုးရာပြိုင်ပွဲတွေထဲမှာ ပါတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ မြန်မာ့ရိုးရာဓလေ့ ပြိုင်ပွဲတွေကို မပျောက်ပျက်အောင် ပြန်လည်ဖော်ထုတ်တာဖြစ်ပြီး မင်းလှမြို့တောင်ရပ်ကွက်က ရေလုပ်ငန်းနဲ့ အသက်မွေးသူများပြားတဲ့အတွက် တောင်ရပ်ကွက်မှာ ကျင်းပပြုလုပ်ရတာဖြစ်တယ်။ ကျနော်တို့ မြို့နယ်မှာ ဒီလိုပြိုင်ပွဲတွေရှိပြီး ရိုးရာဓလေ့တွေကို ဖော်ထုတ်ကာ မြို့နယ်ရဲ့ ဂုဏ်ကိုမြှင့်တင်တဲ့ သဘော သက်ရောက်ပါတယ်”လို့ ပြောပါတယ်။
သတင်း-မင်းထီး











