DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ရေလုပ်သားအစုအဖွဲ့များ ဆန္ဒပြ
DVB
·
November 2, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှာ ရေလုပ်သားအစုအဖွဲ့တွေက အင်းတွေ ချထားရာမှာ အစုအဖွဲ့တွေ မရရှိလို့ နိုဝင်ဘာလ ၂ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြ တောင်းဆိုရတာကတော့ ရေလုပ်သားအစုအဖွဲ့တွေဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အင်းရာသီမှာ သူတို့ အစုအဖွဲ့တွေကို ကြမ်းခင်းဈေးနဲ့ အင်းတွေ ချထားပေးဖို့ တင်ပြ တောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြတာပါ။ အဲဒီလို တင်ပြပေမယ့် အခု အင်းချထားချိန်တွေမှာတော့ ရေလုပ်သား အစုအဖွဲ့တွေ မပါဝင်လို့ အင်းတွေ ရရှိရေး ရေလုပ်သား အစုအဖွဲ့တွေက ဆန္ဒပြ တောင်းဆိုခဲ့ကြရတာပါ။

ဆန္ဒပြရာမှာ  ရေလုပ်သားအစုအဖွဲ့ရဲ့ ဦးဆောင်သူ ဦးသောင်းဟန်က "ကျနော်တို့က အခု အင်းရာသီအမီ အစုအဖွဲ့ မှတ်ပုံတင်တယ်။ အလုပ်သမား အစုအဖွဲ့ မှတ်ပုံတင်ပုံစံ-၇ ရတယ်။ ကျနော်တို့ အခု အပြိုင်လျှောက်တဲ့ အစုအဖွဲ့က မှတ်ပုံတင်မရှိဘူး။ ဒါပေမယ့် အဲဒီအဖွဲ့မှာ အင်းသားကြီးတွေ ပါဝင်နေတယ်။ အင်းတွေချထားတော့ အဲဒီအင်းသားကြီးတွေပါတဲ့ အဖွဲ့တွေကို ချတယ်။ ကျနော်တို့ ရေလုပ်သား အစုအဖွဲ့တွေ မရဘူး။ အဲဒါကြောင့် ခုလို ဆန္ဒထုတ်ဖော်ရတာပါ” လို့  ပြောပါတယ်။

ဆန္ဒပြရာမှာတော့ မနက်ပိုင်းမှာ အင်္ဂပူမြို့ အေးစေတီဘုရားကနေ အင်္ဂပူ-ညောင်ကျိုး လမ်းအတိုင်းနဲ့ မြို့နယ် ဘောလုံးအားကစားကွင်းမှာ အဆုံးသတ်ခဲ့ကြပါတယ်။ ဆန္ဒပြရာမှာတော့ ‘တိုင်းဒေသကြီးအစိုးရ ပြန်လည်စိစစ်ပေးရေး၊ အလုပ်သမား မှတ်ပုံတင်ရှိပြီး အစုအဖွဲ့ ချထားပေးရေး၊ ရေလုပ်သားအစုအဖွဲ့ငယ်တွေ ရရှိရေး၊ ဓာတုဆေးသုံး ရှော့ခ်တိုက် ငါးရှာတာတွေ အရေးယူပေးရေး’ စတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အင်္ဂပူမြို့နယ်မှာ ဆန္ဒထုတ်ဖော်တာဟာ ခွင့်ပြုချက်နဲ့ ပြတာ ဒါ ပထမဆုံးဖြစ်ပါတယ်။ ဆန္ဒပြရာမှာတော့ ရေလုပ်သားအစုအဖွဲ့ ၄ ဖွဲ့က လူဦးရေ ၈၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ခုလို ဆန္ဒထုတ်ဖော်တဲ့အပေါ်ကိုတော့ အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်နိုင်ထွန်းက “ကျနော်တို့ကို တိုင်းက ညွှန်ကြားချက်အတိုင်း အင်းတွေကို ချထားပေးရတယ်။ ခု အင်းတွေကလည်း တိုင်းအစိုးရ အစည်းအဝေးကနေ ညွှန်ကြားထားတဲ့အတိုင်း ချရထားရတာပါ။ အဓိကတော့ အခု အင်းရာသီမှာ ဥပဒေကလည်း အသစ်မထွက်သေးဘူးလေ။ အဲတော့ တိုင်းအဆင့် ဝန်ကြီးတွေက ဆုံးဖြတ်တာပါပဲ။ ခုဖြစ်စဉ်ကိုလည်း အထက်အဆင့်ဆင့်နဲ့ တိုင်းဒေသကြီးအစိုးရကို တင်ပြမှာပါ။ ခုပဲ တင်ပြဖို့ အစီရင်ခံစာ ရေးနေပါပြီ”လို့ ဒီဗွီဘီကို ပြောပါတယ်။

အင်္ဂပူမြို့နယ်မှာ လေလံတင် ရောင်းချတဲ့ အင်း ၂၇ အင်း၊ ကြမ်းခင်းဈေးနဲ့ ပေးတဲ့ အင်းက ၁၅ အင်း၊ နှစ်ကျန်ကြေးတိုင် အင်း  ၉ အင်းနဲ့ ဘေးမဲ့ ၁ အင်း၊ ပိတ်သိမ်း ၄ အင်း ရှိနေတာပါ။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013