DVB Logo
Home
မြန်မာသတင်း
ကထိန်ပွဲတွင် ပြည်သူ့စစ်ဗိုလ်​​က ရွာသား​ကို ​သေနတ်​ဖြင့် ပစ်​ခတ်
DVB
·
November 2, 2017
Donate to DVB

ရပ်စောက်မြို့နယ် ယမ်းတွင်ငါးကြောင်ကျေးရွာအုပ်စု ဆတ်သေကျေးရွာ ကထိန်ပွဲ နောက်ဆုံးည နိုဝင်ဘာ ၁ ရက်နေ့ မနက် ၁ နာရီလောက်မှာ PNA ပြည်သူ့စစ်ဗိုလ်လေးတဦးက အရက်မူးပြီး ရွာသားကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်

PNA ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်လေးသိန်းတိုး ဆိုသူဟာ ကထိန်ပွဲ ကျင်းပနေချိန်မှာ အရက်မူးပြီး အပြစ်မဲ့ရွာသားကို ပစ္စတိုသေနတ်နဲ့ သုံးချက် ပစ်ခတ်လိုက်တဲ့အတွက် ရွာသားတဦးက ဆီးခုံအပေါ်ထိပြီး ကျန်တဦးမှာ နဖူးကို ပွတ်ထိသွားတယ်လို့ သိရပါတယ်။

ဆတ်သေဒေသခံ ခွန်သိန်းထီက “အရက်မူးပြီး ရွာသားကို ပစ်ခတ်သွားတာ သုံးချက်ပစ်တာ နှစ်ဦး ထိတယ်။ တရွာတည်း အပျိုတွေ အိပ်ချင်ပြီဆိုလို့ အိမ်ပြန်လိုက်ပို့ပေးရင်း အပစ်ခံရတာ၊ သူတို့က အရမ်းရိုင်းတာ၊ ဒီလို ခဏခဏဖြစ်နေတာလည်း အရေးယူပေးသူ မရှိဘူးလေ။ ဒီဒေသ ပြည်သူတွေက မလုံခြုံဘူး” လို့  ပြောပါတယ်။

အပစ်ခံရသူ ဆတ်သေရွာသား ခွန်နွေဦးဟာ ရွာက အပျို လူပျိုတွေနဲ့အတူ ဆတ်သေ ကထိန်ပွဲမှာ လာရောက်ဧည့်ခံဖျော်ဖြေတဲ့ အောင်မာဃ ဇာတ်သဘင်ကို ကြည့်ရှုနေစဉ် တချို့အပျိုတွေက အိပ်ချင်ကြတဲ့အတွက် အိမ်ပြန်လိုက်ပို့ဖို့ ပြောရာက လိုက်ပို့ရာမှာ အရက်မူးနေတဲ့ PNA ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်လေးသိန်းတိုးက ရန်ငြိုးရန်စ မရှိဘဲနဲ့ အကြောင်းအရင်းမသိ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး PNA အသွင်ပြောင်း ပြည်သူ့စစ်ဌာနချုပ် တာဝန်ရှိသူ ဒုဗိုလ်မှူးကြီးအောင်သန်းကို ဆက်သွယ်မေးမြန်းရာ “ကျနော်တို့ဆီတော့ သတင်းမရောက်သေးဘူး၊ ဥပဒေအတိုင်း အရေးယူသွားမယ်၊ အရေးယူမှရမယ်။ ဒီလိုမျိုးကိစ္စက အဖွဲ့အစည်းကို ပုံရိပ်ကျစေတယ်၊ လက်နက်က ပြည်သူကို ကာကွယ်ဖို့လေ။ ပြည်သူကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး၊ ဘယ်နေရာရောက်ရောက် ပြန်လိုက်ဖမ်းရမယ်။ လုံးဝ တာဝန်ပြန်ယူရမယ်၊ လိုအပ်သလို အရေးယူသွားမယ်”လို့ ပြောပါတယ်။

အပစ်ခံရသူတွေဟာ ဆတ်သေရွာ ဈေးကုန်းရပ်ကွက် ခွန်နွေဦးနဲ့ လုတ်ခဲုင်းရွာနေ ခွန်နိုင်ဦးတို့ ဖြစ်ပါတယ်။

ရွာကထိန်ပွဲဟာ ပြည်သူ့စစ်တွေကို လုံခြုံရေးအတွက် အကူအညီ တောင်းခံထားတာ မရှိသလို၊ အခုလို မဆင်မခြင် သေနတ်ကို အသုံးပြုပြီး ပစ်ခတ်တာကြောင့် အရနှစ်ကလည်း နန်းအွန်ရွာသားတယောက် အသက်ဆုံးရှုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူ ခွန်နွေဦးကို တောင်ကြီး စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ပြီး ခွန်နိုင်ဦးက ဒဏ်ရာ သိပ်မပြင်းထန်တဲ့အတွက် ဆေးရုံမပို့သေးဘူးလို့ သိရပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013