DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးတွေ ပေါများလာတာကြောင့် ခိုးယူမှု အဖြစ်များ
DVB
·
November 1, 2017
Donate to DVB

အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာမှာ မူးယစ်ဆေးဝါးတွေ ပေါများလာတာကြောင့် နေအိမ်တွေက ခိုးယူခံနေရမှုတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာမှာ မူးယစ်ဆေးဝါး ပေါများလာတာကြောင့် အောက်တိုဘာ ၂၆၊ ၂၇၊ ၂၈ ရက်နေ့တွေက ငွေနဲ့ ဆိုင်ကယ် ခိုးယူမှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ နန့်ခင့်ကျေးရွာမှ ငွေခိုးယူခံရသူ ဒေါ်ခင်မာဝင်းက ပြောပါတယ်။

နန့်ခင့်ကျေးရွာမှ ဒေါ်ခင်မာဝင်းက “အောက်တိုဘာ ၂၇ ရက် နံနက် ၇ နာရီခွဲနဲ့ ၈ နာရီခွဲကြားမှာ ကျမ ဈေးထဲက ပြန်ခဲ့တယ်။ ဗီရိုတွေနဲ့ ကြောင်အိမ်တွေကို မွှေသွားတယ်။ ငါးထောင်တန်က လေးရွက်ကျန်တာက တထောင်တန်နဲ့ ငါးရာတန် နှစ်ရာတန် အားလုံးက ခြောက်သောင်းနဲ့ ရှစ်ထောင်၊ တထောင်တန် အနွမ်းလေးတွေက ခုနစ်ထောင်တန်နဲ့ ရှစ်ရာ အားလုံးပေါင်း ခုနစ်သောင်းခွဲနဲ့ ရှစ်ရာကျပ် ခိုးခံရတယ်။ ဗီရိုသော့ကို အပေါ်မှာ တင်ထားခဲ့တယ်။ ဗီရိုကို ဆွဲဖွင့်သွားတယ်။ ကြောင်အိမ်ထဲက ပစ္စည်းတွေကို အကုန်မွှေပြီးမှ ရှာသွားတယ်။ နောက်ဆုံးမှာ သော့ကို တွေ့လို့ ဖွင့်သွားတယ်။ ဘဏ်စာအုပ်နဲ့ ငွေစုငွေချေးစာအုပ်က အောက်မှာ ချန်ထားခဲ့တယ်။ ကျမတို့ ကျေးရွာမှာ အရင်တုန်းက မရှိဘူး။ ကျမ ရောက်ခဲ့တာ ၃ လပိုင်း ၄ ရက်နေ့က ဒီကို ရောက်တယ်။ အခုဒီရက်ပိုင်းလေးမှာ ၂၆ ရက် ၂၇ ရက်၂၉ ရက် အတောအတွင်းလေးမှာ ဆက်တိုက် ဖြစ်သွားတာ။ ကျမတို့ဆီမှာ မူးယစ်ဆေးဝါး တခုကြောင့်ပဲ။ အဲဒါကြောင့်မို့ပဲ ကလေးတွေဟာ ပျက်စီးပြီး ဒီလို ဖြစ်သွားတာ။ အရင်က မူးယစ်ဆေးဝါး မရှိခင်က ကျမတို့ရွာမှာ ခိုးတယ်၊ ပျောက်တယ်ဆိုတာ တကယ်မရှိခဲ့တာ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကလေးတွေက ဟိုအိမ်စမ်းစမ်း ဒီအိမ်စမ်းစမ်း ဖြစ်လာခဲ့တယ်။ အရင်ကတော့ လုံးဝမရှိခဲ့ဘူး”လို့ ပြောပါတယ်။

နန့်ခင့်ကျေးရွာမှ ဦးအောင်ဖီက “ကျနော့်အသက် ၇၁ နှစ် ရှိပါပြီ။ သို့သော် တခါမှ မကြားဖူးတဲ့ မဖြစ်ဖူးတဲ့အရာကို အခု ကြားရပြီ။ မဖြစ်ဖူးတာကို သိကြရတယ်။ ဒါ ဘာကြောင့်လဲ။ မူးယစ်ဆေးဝါးကြောင့် စာရိတ္တတွေ ပျက်ကြတယ်။ ရပ်ရွာလည်း စိတ်မချမ်းသာဘူး။ ကျနော်တို့ဟာ ရိုးသားစွာ လုပ်ကိုင် စားသောက်တတ်တဲ့ ကျနော်တို့ရဲ့ ရွာသားတွေ နေဝင်မိုးချုပ် လုပ်ငန်းခွင်ထဲမှာ အချိန်ကုန်ခဲ့ရတယ်။ လုပ်ငန်းခွင်ထဲမှာ အချိန်ကုန်တဲ့အချိန်ဟာ တောသွားလျှင် အိမ်မလုံ ဖြစ်ကြရတယ်။ ဒီလို မူးယစ်ဆေးဝါးတွေ ရှိနေရင် တချက်မှ စိတ်မကောင်းစရာ ဖြစ်ရတယ်။ ကျနော်သာလျှင် မဟုတ်။ ကျနော်တို့ ရွာသားတွေကအစ စိတ်မကောင်း ဖြစ်ရတယ်။ ကျနော်တို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ အစည်းအဝေး ထိုင်တယ်။ ၁၀ ရက် တကြိမ် အစည်းအဝေးလုပ်မယ်။ ကျနော်တို့ မကြိုက်တဲ့ အလုပ်တွေပါ။ လူတွေ မကြိုက်၊ နိုင်ငံတော်အစိုးရ မကြိုက်တဲ့ အလုပ်တွေပါ”လို့ ပြောပါတယ်။

အင်းတော်မြို့ အင်းတော်ချောင်း တဖက်ကမ်းရှိ နန့်ခင့်ကျေးရွာမှာ အိမ်ခြေ ၁၅၆ အိမ် အိမ်ထောင်စု ၁၅၀၊ လူဦးရေ ၈၁၂ ယောက် နေထိုင်တဲ့ကျေးရွာဖြစ်ပြီး မူးယစ်ဆေးဝါး ပေါများလာတာကြောင့် နေအိမ်တွေက ငွေနဲ့ ဆိုင်ကယ် နှစ်စီး ခိုးယူခံရမှု အောက်တိုဘာ ၂၆၊ ၂၇၊ ၂၈ ရက်နေ့တွေမှာ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ နန့်ခင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။

နန့်ခင့်ကျေးရွာဟာ အင်းတော်မြို့နဲ့ တဆက်တစပ်တည်း ရှိပြီး လူစိမ်း အဝင်အထွက် များလာတာ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ရှိလာတာတွေကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်ရေး လုပ်ငန်းတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013