အောက်တိုဘာ ၃၀ ရက်နေ့က ကလေးမြို့မှာ ဆိုင်ကယ်ချင်း မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာစာမေဂျာ ပထမနှစ် အဝေးသင်ကျောင်းသားတဦး သေဆုံးခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက သိရပါတယ်။
“မနေ့က ညနေပိုင်းက တိုက်မှု ကလေးမြို့ပေါ်ရပ်ကွက် လှိုင်သာယာစက်မှုဇုန်မှာ ဖြစ်ခဲ့တာပါ။ ဆိုင်ကယ်တစီးကတော့ ရှေ့ဆင်စွယ်တောင် ကျိုးထွက်သွားတယ်။ တစီးက အမျိုးသားတဦး စီးလာတာ တစီးက အမျိုးသမီးနဲ့ အမျိုးသား စီးလာတာ။ အမျိုးသမီးနဲ့ အမျိုးသား စီးလာတဲ့ ဆိုင်ကယ်က မြို့ထဲကနေအပြန် ထိပ်တိုက် တိုက်မိတာ” လို့ အခင်းဖြစ်ပွားရာ နေရာအနားကို ရောက်တဲ့ အမျိုးသားတဦးက ဆိုပါတယ်။
ဆိုင်ကယ်တိုက်မှုမှာ အမျိုးသမီးနဲ့ အမျိုးသား စီးနင်းလာတဲ့ ဆိုင်ကယ်က ယာဉ်မောင်း အမျိုးသားဟာ ဝဲဘက်ဦးခေါင်းပိုင်း သွေးထွက်ပေါက်ပြဲဒဏ်ရာနဲ့ နာထင်သွေးထွက်ဒဏ်ရာတွေ ကြောင့် သေဆုံးသွားခဲ့ပြီး ဟုမ္မလင်းမြို့ကနေ ကလေးမြို့ကို ကျောင်းလာတက်နေသူ တက္ကသိုလ် ပထမနှစ် အဝေးသင် ကျောင်းသားသစ်တဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
သေဆုံးသူ မောင်းနှင်ခဲ့တဲ့ ဆိုင်ကယ်အနောက်မှာ ထိုင်လိုက်လာသူ အမျိုးသမီးဟာလည်း သေဆုံးသူနဲ့အတူ တမူးမြို့ကနေ ကလေးမြို့ကို ကျောင်းလာတက်တဲ့ မြန်မာစာမေဂျာ အဝေးသင် ကျောင်းသူတဦးဖြစ်ပြီး ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။
အဝေးသင်ကျောင်းသား ၂ ဦးနဲ့ တိုက်မိခဲ့သူကတော့ ကလေးမြို့နယ် ဆင်ရွာမှာနေတဲ့ ကျဲဟွန်ထန်း ဆိုသူဖြစ်ပြီး ကျဲဟွန်ထန်းမှာလည်း ဒဏ်ရာအချို့ ရရှိခဲ့ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထား ဆေးကုသမှုခံနေပါတယ်။
ဆိုင်ကယ်ချင်းတိုက်မှုကြောင့် သေဆုံးမှု ဒဏ်ရာအနာတရဖြစ်မှုများ အသီးသီးရရှိခဲ့ကြပြီး အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တရားခံ ကျဲဟွန်ထန်းနဲ့ သေဆုံးသူ ကိုဆေး(ခ) ငမ်တင်ဆေးတို့ ၂ ဦးကို ကလေးမြို့မ ရဲစခန်းက ယာဉ်(ပ)၉၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ -၃၃၈/၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်











