
တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ကြန့်ကြာနေတဲ့အတွက် စိုးရိမ်တယ်လို့ သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်နေပေမယ့် ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူညီမှုမရသေးတဲ့အတွက် အခုလို စိုးရိမ်နေတာလို့ ဦးဇော်ဌေးက မီဒီယာတွေကို ပြောတာပါ။
အောက်တိုဘာ ၃၁ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအပြီးမှာ အခုလိုပြောတာပါ။
“ကျနော်တို့ဘက်က အဆင်သင့်ဖြစ်ပြီ။ စိစစ်လက်ခံဖို့လည်း အသင့်ဖြစ်ပြီ။ အဲဒီအပေါ်မှာ ဟိုဘက်က သဘောတူညီချက်မရသေးဘဲ ဒီအစီအစဉ်တွေ နှောင့်နှေးကြန့်ကြာနေတာဖြစ်တယ်။ ၉၃ သဘောတူညီချက်အပြင် ကျွန်တော်တို့ နှစ်နိုင်ငံခြားမှာ ဒီလူတွေ ပြန်လက်ခံဖို့ နဲ့ပတ်သက်ပြီး နှစ်ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်။ နောက်ဆုံးလုပ်ခဲ့တာ ၉၃ ပေါ့။ ဒီသဘောတူညီချက်တွေက နှစ်နိုင်ငံကြားမှာ လက်ခံထားတာတွေဖြစ်တယ်။ အဲဒါကိုအခြေခံပြီး ဆောင်ရွက်ရင် အားလုံးအဆင်ပြေမယ်ဆိုတာနဲ့ ချဉ်းကပ်တယ်။ ချဉ်းကပ်တော့ ဘင်္ဂလားဒေ့ရှ် ဘက်က သဘောတူညီချက်မရဘူး။ မရတဲ့အခါ သဘောတူညီချက်ရမှ နောက်ဆက်တွဲတွေ လုပ်လို့ရမှာ ” လို့ ပြောပါတယ်။
အခုလိုစိုးရိမ်ရတဲ့အကြောင်းရင်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်း ဆောက်ဖို့ ကြေညာထားပြီးဖြစ်လို့ ဒီအပေါ်မှာရလာမယ့်အကျိုးအမြတ်တွေကြောင့် ကိုယ့်ဘက်ကို ဒုက္ခသည်တွေ ပြန်လွှတ်ဖို့ နှောင့် နှေးသွားမှာစိုးတယ်လို့လည်း ဆိုပါတယ်။
“ဒီအပေါ်မှာ ကြန့်ကြာနေတဲ့ အကြောင်းအရင်းက ဟိုဘက်မှာ ကမ္ဘာ့အကြီးဆုံးဒုက္ခသည် စခန်းဆိုတာဆောက်ဖို့ ပြောထားပြီးသား ကြေညာထားတယ်။ နောက် ဆွစ်ဇာလန် နိုင်ငံဂျီနီဗာ မှာလည်း ဒီဒုက္ခသည်တွေအတွက် ကွန်ဖရင့်ဆိုတာလုပ်တယ်။ ဒေါ်လာသန်း ရာနဲ့ချီပြီး လှူဒါန်းကြတယ်။ ဒုက္ခသည်စခန်းကြီးတည်ထားတယ်။ ဒေါ်လာသန်း သုံးရာကျော်လေးရာ လောက် သူတို့ရထားတယ်။ ရထားတဲ့အပေါ်မှာ ဒီလူတွေကို ကျနော်တို့ဘက် ပြန်လွှတ်မှာ နှေးသွားမှာ ကြောက်တယ်။ ဒုက္ခသည်စခန်းမှာထားတယ် ပြောရရင် အဲဒီမှာ နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေလည်းရတယ်။ ရတဲ့ဟာတွေက သူတို့ ဒီလူတွေကို ကျွေးဖို့ အချိန်ကာလပေါ့ သူတို့ ဘယ်လောက်အထိမှန်းထားလဲပေါ့။ ကျွန်တော်တို့နဲ့ ပြန်လည်ပြီးတော့ စိစစ်ပြီးတော့ လွှဲပြောင်းပေးဖို့ သူတို့မှာ အခြားစဉ်းစားချက်တွေများရှိမလားပေါ့ ကျနော်တို့က စိုးရိမ်တယ်” ဦးဇော်ဌေးက ပြောပါတယ်။
ဒီကြန့်ကြာမှုတွေဟာ မြန်မာနိုင်ငံဘက်က ပြန်လက်မခံချင်လို့ လုပ်နေတယ်လို့ နိုင်ငံတကာက ယူဆသွားမှာ စိုးတယ်လို့လည်း ပြောပါတယ်။
“သဘောတူညီချက်တွေ ညှိနှိုင်းတာ ကြန့်ကြာမှုအပေါ်မူတည်ပြီး နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်ကို ကျနော်တို့ကပဲ သဘောတူညီချက်မရအောင် ပြန်လက်မခံချင်လို့ ကျနော်တို့ဘက်က ဆွေးနွေးညှိနှိုင်းမှုတွေမှာ ဒီလိုအဆင်မပြေဖြစ်နေတယ်လို့ ယူဆမှာစိုးလို့ မီဒီယာကိုပြောတာ။ ဒီလိုကြန့်ကြာသွားရင် ဘာအကျိုး ဆက်ဖြစ်မလဲဆို မြန်မာနိုင်ငံကပဲ ဒီလူတွေကို ပြန်လက်မခံချင်လို့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ ယူဆမှာကြောက်လို့ ” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲချုပ်က ဘင်္ဂလားဒေ့ရှ်ရဲချုပ်ကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်စာရင်းတောင်း ထားပေမယ့် အခုထိ မရသေးသလို ဒီစာရင်းရရင် ပြန်လည်လက်ခံဖို့ စိစစ်ရေးလုပ်ငန်းတွေ ပိုမြန်မယ်လို့လည်း ဆိုပါတယ်။
“တောင်းထားပေမယ့် ရဲချုပ်က ကျနော်တို့ဆီပြန်တင်ပြတာရတယ်လို့တော့ မသိရသေးဘူး။ အီးလ်မေးနဲ့ ပြန်မယ်လို့ ပြောပါတယ်။ ဒါကအရေးကြီးတယ်။ ဘာလို့အရေးကြီးလည်းဆိုရင် ကျနော်တို့ဆီမှာ ငယ်စာရင်းတွေရှိပါတယ်။ ဟိုဘက်မှာ ရောက်နေတဲ့လူက အခု တစ်သန်း နီးပါးတောင်ရှိနေပြီတဲ့ မီဒီယာတွေမှာရေးတာ။ လက်တွေ့မှာ လုံးဝမဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ သူတို့ဆီက လူစာရင်းကိုကျွန်တော်တို့ တောင်းထားတယ်။ အခုထိတော့ မရသေးဘူးပေါ့နော်။ အဲဒီလူစာရင်းရပြီဆိုရင် စိစစ်ရတဲ့လုပ်ငန်းတွေ ပိုအဆင်ပြေမယ်။ ဒီလူတွေ မြန်မာဘက်မှာ နေထိုင်ခဲ့တာ ဟုတ် မဟုတ်၊ ကျနော်တို့ လ၀က အထောက်အထားတွေ ဆွဲတင်စစ် အထောက်အထားတွေ ရှိတယ်။ ဒါတွေနဲ့ ပြန်တိုက်ဆိုင်လိုက်ရင် ပိုမြန်မယ်။ ပိုမြန်အောင်လို့ တောင်းထားတာ” လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒုက္ခသည်တွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတွေမှာ ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် တဖက်နိုင်ငံကို ထွက်ပြေးသွားသူပေါင်း ၅သိန်းကျော် လောက်ရှိမယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။











