DVB Logo
Home
မြန်မာသတင်း
မိုင်းရယ်တွင် ပြည်သူ့စစ်က ရွာသားကို သေနတ်ပစ် ခြိမ်းခြောက်
DVB
·
October 31, 2017
မိုင်းရယ်တွင် ပြည်သူ့စစ်က ရွာသားကို သေနတ်ပစ် ခြိမ်းခြောက်
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုထဲမှာ မန်ပန်ဌာနေ ပြည်သူ့စစ်က ရွာသားတွေကို သေနတ်နဲ့ပစ်ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ မိုင်းရယ် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို တိုင်ကြားလိုက်ပါတယ်။

ဟိုယကျေးရွာက ရွာသား ၂ ဦးဖြစ်တဲ့ စိုင်းစံနဲ့ စိုင်းလွန်းတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ လက အသုဘ သွားပြီးအပြန် ဟိုယကျေးရွာအထက်တန်းကျောင်းနားရောက်တော့ ပြည်သူ့စစ်က အနောက်က နေ သေနတ်နဲ့ လိုက်ပစ်တာလို့ မိုင်းရယ် SNLD ပါတီဝင်တဦးဖြစ်သူ စိုင်းမိုင်းလင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကိစ္စဖြစ်သွားတာကတော့ အရင်လ ၁၃ ရက်နေ့ကတည်းကပေါ့နော်။ ဒါပေမယ့် ရွာသားတွေက မတိုင်ရဲဘူး။  မနေ့က ကျနော်တို့ အဲဒီရွာကို ရောက်သွားတော့မှ မကြောက်ဖို့ အားပေးစကားပြောပြီးမှ ကျနော်တို့ပါတီကို စာရေးတိုင်ထားပါတယ်ခင်ဗျ။ ဖြစ်ပုံကတော့ ဟိုယကျောင်းမှာ တချို့ကလေးတွေ ကျောင်းပြေးပြီး ကျောင်းကိုခဲနဲ့ ပြန်ထုတာရှိတယ်။ အဲဒါ မန်ပန်ပြည်သူ့စစ်အဖွဲ့က လုံခြုံရေးလာယူတယ်။ ဖြစ်တဲ့နေ့က စိုင်းစံတို့ ၂ ယောက် ဆိုင်ကယ် စီးပြီး အသုဘက ပြန်လာတော့ ည ၉ နာရီခွဲလောက်ပေါ့။ ပြည်သူ့စစ်က သူတို့ကိုရပ်ခိုင်းတယ်။ သူတို့ကလည်း ပြည်သူ့စစ်မှန်းမသိတော့ ရပ်မပေးဘူး။ အဲဒါနဲ့ အနောက်ကလိုက်လာပြီး သေနတ် နဲ့ ပစ်တာ၊ ကျည်ဆန်က သူ့ချိုင်းအောက်ရှပ်သွားပြီး ဆိုင်ကယ်ခေါင်းပိုင်းကို ဖောက်ထွက်သွား တယ်။ လူက ဒဏ်ရာကြီးကြီးမားမားမရပေမယ့်  တော်တော်လန့်သွားတယ်။”

အပစ်ခံရတဲ့ ရွာသားတွေဟာ ပျက်စီးသွားတဲ့ ဆိုင်ကယ်ဖိုး လျော်ကြေးမရတဲ့အပြင် သေနတ်နဲ့ပစ်သူ ဗိုလ်ကြီး စိုင်းသန်းဆိုသူက နောက် ၁၅ ရက်နေ့ ကျေးရွာအစည်းအဝေးမှာ ဘယ်သူမဆို ရပ်ခိုင်းလို့ မရပ်ရင် ပစ်ခွင့်ရှိတဲ့အကြောင်း၊ ဒီကိစ္စ အပစ်ခံရပြီး ဟိုတိုင်ဒီ တိုင်လုပ်ရင် ပစ်လိုက်တဲ့ ကျည်ဆန်ဖိုး ပြန်အလျော်ပေးရမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း သူက ဆက်ပြောပါ တယ်။

ဒါကြောင့် ရွာသားတွေအနေနဲ့ လုံခြုံမှုမရှိဘဲ ကြောက်လန့်နေကြလို့ ပါတီကို တိုင်တန်းခဲ့တာဖြစ်ပြီး တိုင်ကြားစာကို လားရှိုး SNLD ပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းထံဆက်ပြီးပို့ပေးထားပြီး ဒီကိစ္စနဲ့ ပတ်သက်လို့  ပါတီတာဝန်ရှိသူတွေနဲ့ တိုင်ပင်ကာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အကြောင်းကြားဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013