မြိတ်မြို့၊ ကမ်းနားလမ်းမှာ အောက်တိုဘာ ၃၀ ရက်နေ့ညက ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတဦး ဓားနဲ့ ခုတ်ခံခဲ့ရတယ်လို့ မြိတ် မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
သက်နိုင်မျိုး(ခ)အိုငယ် မောင်းနှင်ပြီး ဆိုင်ကယ်နောက်မှာ သားပု(ခ)မောင်ဝင်းစိုး (၂၂-နှစ်) လိုက်ပါလာတဲ့ ဆိုင်ကယ်မှာ ကမ်နားလမ်း Sea View Condo နား အရောက်မှာ လူတစုက ရိုက်နှက်တာကို ခံခဲ့ရပါတယ်။ ဆိုင်ကယ် မောင်းလာသူ သက်နိုင်မျိုးကို ရိုက်လိုက်ရာမှာ ဆိုင်ကယ်နောက်မှာ ပါလာတဲ့ သားပု(ခ)မောင်ဝင်းစိုး ပြုတ်ကျပြီး ဓားနဲ့ ခုတ်ခံလိုက်ရတာပါ။
မြိတ် မြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်အောင်ဝင်းလှိုင်က “ကျနော်တို့ ရဲတပ်ဖွဲ့က လှည့်ကင်း ဆောင်ရွက်နေတုန်းမှာ လူတစုက ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားတယ်လို့ သိရတဲ့အတွက် ချက်ချင်း လိုက်လံဖမ်းဆီးခဲ့တယ်။ ဒီလူတွေက ဆိုင်ကယ်နဲ့ မောင်းနှင် ထွက်ပြေးနေတယ်။ အခု တရားခံတွေ ဖမ်းဆီးရမိထားပါပြီ။ ဆိုင်ကယ် မှောက်ထားတဲ့အတွက် ဒဏ်ရာတွေလည်း ရထားကြတယ်” လို့ ပြောပါတယ်။
ဓားခုတ်ခံရသူ သားပု(ခ)မောင်ဝင်းစိုးမှာ ဦးခေါင်းနောက်ဘက် ပြတ်ရှဒဏ်ရာနဲ့ မြိတ်ဆေးရုံကြီးကို တင်ပို့ပြီး ဆေးဝါးကုသမှု ခံယူနေချိန်မှာပဲ ရရှိတဲ့ ဒဏ်ရာတွေနဲ့ အောက်တိုဘာ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်လောက်က သေဆုံးသွားတယ်လို့ သိရပါတယ်။
သွေးစွန်းနေတဲ့ သက်သေခံဓားနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ဓားနဲ့ခုတ်ခဲ့သူ ကျော်လွင်ဌေး (၂၆-နှစ်)၊ ကျော်လွင်ဦး (၂၄-နှစ်)၊ အောင်ရဲကျော် (၂၅-နှစ်) တို့ကို မြိတ်မြို့မရဲစခန်းက (ပ) ၂၄၆၀/ ၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ /၁၁၄ အရ အရေးယူ ဆောင်ရွက်ထားရာက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ပြောင်းလဲအရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)











