သာယာဝတီခရိုင် မြို့နဲ့ ကျေးရွာပေါင်း ၃၀ ကျော် အဓိက အားထားရတဲ့ ဆက်သွယ်ရေးလမ်းမကြီး ပျက်စီးနေတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင်၊ သာယာဝတီမြို့နှင့် ကျေးရွာအုပ်စု ၅ အုပ်စုမှ ကျေးရွာပေါင်း ၃၀ ကျော်နဲ့ အဓိက ဆက်သွယ်ထားတဲ့ ၉ မိုင်ကျော် ရှည်တဲ့ ကုန်ထုတ်လမ်းမကြီး ပျက်စီးနေတဲ့ကြောင့် ကျေးလက်နေ ပြည်သူ ၁ သိန်းကျော်တို့ ကျန်းမာရေး စီးပွားရေးနဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ သာယာဝတီမြို့ပေါ်ရှိ အထက်တန်းကျောင်းတွေမှယ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူ ၅၀၀ ခန့်တို့မှာ မိုးတွင်းအခါတွင်သာမက နွေရာသီမှာပါ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေပါတယ်လို့ ကျေးရွာနေ ပြည်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ကျေးရွာတွေက နွေမိုးဆောင်း စပါးစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကျတော့ ဒီကုန်ထုတ်လမ်းမကြီးက ပျတ်စီးပြီး သွားလာရ ခက်ခဲလို့ စပါးဈေးကောင်းပေမယ့် သယ်ယူစရိတ်တွေ ပိုများပြီး ဈေးမှန်မရဘူး။ ဈေးမရလေ ကျနော်တို့ တောင်သူတွေ ပိုဒုက္ခရောက်လေ ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ စည်ပင်ဦးစီးဌာနတို့ ကျေးလက်ဦးစီးဌာနတို့ကတော့ ဒီလမ်းကြီးကို လာပြင်ပေးပါတယ်။ ဒါပေမယ့် ခဏပဲ ခံပါတယ်။ ခုနောက်ပိုင်းတော့ ဘယ်သူမှ လာမပြင်ပေးတော့ပါဘူး။ ဒါကြောင့် ကျနော်တို့ ဒေသခံ ပြည်သူတွေ သွားလာရေး အရမ်းခက်ခဲနေပါတယ်”လို့ ဇိမ်ဇာကျေးရွာမှ တောင်သူဦးမြအေးက ပြောပါတယ်။
“ကျနော်တို့ အုပ်ချူပ်ရေးပိုင်းကတော့ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းတွေကိုတော့ စာတင်တာတွေ အစည်းအဝေးတွေမှာဆို အမြဲတင်ပြပါတယ်။ ဒါပေမယ့်လည်း ခုချိန်ထိတော့ ဘာမှ မထူးခြားသေးပါဘူး။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဖြစ်လာရင် သာယာဝတီမြို့ပေါ်မှာ အရေးပေါ် အကူအညီပေးရေး ကားတွေရှိပေမယ့် လမ်းမကောင်းတော့ မလာတတ်ဘူး။ အဲဒီမှာ လူနဲ့ ထမ်းပြေးရတယ်။ အချိန်မမီလို့ အသက်ဆုံးရှုံးရတဲ့သူတွေလည်း အများကြီးပါ။ ကျေးလက်ပြည်သူတွေ ဘဝက လမ်းပန်းဆက်သွယ်ရေး ကောင်းမှ အစစအရာရာ အဆင်ပြေမှာပါ။ အခုတော့ အဓိကလမ်းမကြီးက ပျက်စီးနေတော့ ကျနော်တို့ ကျေးလက်နေ ပြည်သူတွေမှာ အများကြီး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်”လို့ သရက်ကုန်းကျေးရွာအုပ်ချူပ်ရေးမှူးက ပြောပါတယ်။
“သာယာဝတီ-လှည်းလမ်းကူး လမ်းမကြီးက အရှည် ၉ မိုင်ကျော် ရှည်တော့ တိုင်းဒေသကြီး ဘတ်ဂျတ်နဲ့ အဆင်ပြေနိုင်မလား ဆိုပြီး ကျနော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ တိုင်ပင်ပါသေးတယ်။ လမ်းက ရှည်တော့ အဆင်မပြေနိုင်ဘူး။ ပြည်ထောင်စုအစိုးရ ဘတ်ဂျတ်နဲ့မှ အဆင်ပြေနိုင်မယ် ပြောလို့ အခုလို ကျေးရွာအုပ်ချုပ်ရေးပိုင်းတွေ ပြည်သူတွေနဲ့အတူ ပြည်ထောင်စုအစိုးရကို အခုလို တင်ပြတောင်းဆိုတာပါ။ ၂၀၁၃-၁၄ ခုနှစ်က တခါ ပြည်ထောင်စုအစိုးရ ဘတ်ဂျတ်နဲ့ တခါ ပြင်သေးတယ်။ ဒါပေမယ့် လမ်းက စနစ်မကျ အရည်အသွေး မပြည့်မီတော့ ခဏလေးနဲ့ ပြန်ပျက်စီးသွားပါတယ်။ ကျောက်ချောလမ်းက ကျောက်ချောလမ်း မဖြစ်ဘဲ လူသတ်လမ်း ဖြစ်နေပါတယ်။ ဒါကြောင့် ဒီဒေသက ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအတွက် ပြည်ထောင်စုအစိုးရအနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ပေးပါလို့ ပြည်သူများနဲ့အတူ တောင်းဆိုပါတယ်”လို့ သာယာဝတီမြို့က ဦးဝင်းသန်းက ပြောပါတယ်
သတင်း - မေသွယ်











