DVB Logo
Home
မြန်မာသတင်း
သထုံခရိုင်​အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဂျပန်​ဦး​နှောက်​​ရောင်ရောဂါ ​​ကာကွယ်​​ဆေးထိုးနှံပေး
DVB
·
October 31, 2017
Donate to DVB

တနိုင်ငံလုံး အတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးပေးမယ့် လုပ်ငန်းကို သထုံခရိုင်ထဲက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများ၊ စေတနာ့ဝန်ထမ်းများနဲ့ ပူးပေါင်းပြီး သတ်မှတ်ရက်အတွင်း အပြည့်အဝ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ အောက်တိုဘာလ ၂၈ ရက်နေ့က သထုံမြို့၊ သုဝဏ္ဏခန်းမမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ခရိုင်ဆေးရုံအုပ် ဒေါက်တာသင်းသင်းအိက ပြောပါတယ်။

“ကျောင်းအခြေပြုအစီအစဉ်မှာ အခြေခံပညာကျောင်း အားလုံးနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေလည်း ပါဝင်မှာဖြစ်ပြီး ဆေးထိုးလို့ရတဲ့ ကျောင်းသူ ကျောင်းသားတိုင်း အပြည့်အဝ ဆေးထိုးနှံရေးအတွက် ကျောင်းအုပ်ကြီးတွေ၊ ဆရာ ဆရာမတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။”

သထုံခရိုင်ထဲမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့ထိ ပညာရေးဌာန ဝန်ထမ်းများနဲ့ ပူးပေါင်းကာ အသက် ၁၅ နှစ်အောက် ကျောင်းနေရွယ် ကလေးများကို ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်နဲ့ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ စေတနာ့ဝန်ထမ်းများနဲ့ ပူးပေါင်းကာ ရပ်ရွာအတွင်းရှိ အသက် ၉ လမှ ၅ နှစ်ထိ ကလေးငယ်များ၊ အသက် ၁၅ နှစ်အထိ ကျောင်းမနေသော ကလေးများနဲ့ ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တဲ့ ကျောင်းသား ကျောင်းသူများကိုပါ ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရပါက ရုတ်တရက် အပြင်းဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်းများ ဖြစ်ပွားလာနိုင်ပြီး ရောဂါအခြေအနေ ဆိုးရွားလာပါက ဦးနှောက်ရောင်ရမ်းခြင်းအထိ ဖြစ်ပွားလာနိုင်ပြီး စိတ်ရှုပ်ထွေး တွေဝေခြင်း၊ တက်ခြင်း၊ အကြောဆွဲခြင်းများနှင့် တချို့တွင် သတိလစ် မေ့မြောခြင်း၊ အကြောသေခြင်းနှင့် အသက်ဆုံးရှုံးခြင်းများ ဖြစ်ပွားလာနိုင်ကြောင်း၊ ရောဂါပျောက်ကင်းစေရန်အတွက်လည်း ကုသနိုင်တဲ့ ဆေးဝါးများ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားလေ့ရှိတဲ့ အရှေ့တောင်အာရှနဲ့ အနောက်ပစိဖိတ်ဒေသများရှိ နိုင်ငံ ၂၄ နိုင်ငံမှာ ရောဂါဖြစ်ပွားမှုနှုန်းမှာ လူဦးရေ ၁ သိန်းလျှင် ၂ ဦးခန့်ရှိပြီး နှစ်စဉ်ရောဂါ ဖြစ်ပွါးသူ ၆၈၀၀၀ ဦးခန့်နဲ့ သေဆုံးသူဦးရေ ၁၃၆၀၀ ဦးမှ ၂၀၄၀၀ ဦးခန့်ရှိပြီး ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရောဂါသံသယရှိသူ လူနာ ၈၃၀ ဦးမှာ ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁၄၆ ဦး ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

သထုံခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက “၂၀၁၆ ခုနှစ် ဒေတာအရ မွန်ပြည်နယ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၃ ဦး ရှိခဲ့ပါတယ်။ သထုံခရိုင်ထဲမှာတော့ သံသယလူနာ ၄ ဦးထဲက သထုံမြို့နယ်က ၁ ဦး ရောဂါဖြစ်တာ တွေ့ရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ပူးပေါင်းပါဝင်မှု အားကောင်းကောင်းနဲ့ ဆောင်ရွက်သွားမှာပါ”လို့ ပြောပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူများထဲ၌ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အသက်သေဆုံးနိုင်ပြီး အသက်ရှင် ကျန်ရစ်သူများထဲမှ ၃၀ ရာခိုင်နှုန်းမှာ ကိုယ်လက် မသန်စွမ်းခြင်း၊ နားလေးခြင်း၊ မကြာခဏ တက်ခြင်း၊ စကားမပြောနိုင်ခြင်းနဲ့ တခြား စိတ်ပိုင်းဆိုင်ရာ အပြုအမူများ ချို့ယွင်းလာနိုင်ကြောင်း သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013