မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ၊ မြင်းတပ်ရပ်ကွက်မှာ အောက်တိုဘာ ၃၀ ရက် မနက် ၆ နာရီခွဲလောက်က ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသားတဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းက သိရပါတယ်။
အသတ်ခံရသူဟာ မော်လမြိုင်မြို့၊ ဒိုက်ဝန်းကွင်းမှာ နေထိုင်တဲ့ သန်းဇော်မိုး (၄၃-နှစ်) ဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်က နေအိမ်က ထွက်သွားခဲ့တာ ဖြစ်တယ်လို့ မုတ္တမနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်မင်းကြည်က ဒီဗွီဘီကို ပြောပါတယ်။
“၆ နာရီခွဲလောက်က လူတယောက် အသတ်ခံရတယ်လို့ သတင်းရရချင်း လူကိုယ်တိုင် သွားကြည့်တယ်။ စုံစမ်းသိရှိရသလောက် အသတ်ခံရတဲ့သူက မော်လမြိုင်မြို့၊ ဒိုက်ဝန်းကွင်းကလို့ သိရတယ်။ သေဆုံးသူရဲ့ အိမ်ကို စုံစမ်းပြီး မေးကြည့်တော့ မနေ့ည ၈ နာရီကတည်းက ဆိုယ်ကယ် အယ်ဖာအမည်းရောင် အစုတ်ကလေး တစီး (လိုင်စင်မရှိ)နဲ့ ထွက်သွားတယ်လို့ သိရတယ်။ အခင်းဖြစ်တဲ့နေရာ ရောက်သွားတဲ့အချိန်မှာ ဆိုင်ကယ်တော့ ဘေးမှာ မရှိဘူး။ အသတ်ခံရသူက သုံးဘီးဆိုင်ကယ် မောင်းတဲ့သူ မဟုတ်ပါဘူး။ သူ ဝတ်ဆင်ထားတာ သုံးဘီးဆိုင်ကယ် မောင်းတဲ့ အင်္ကျီကို ဝတ်ထားပြီး ဆိုင်ကယ် ကယ်ရီမောင်းတဲ့သူ တယောက်ပါ။ အခုက သေတဲ့သူကို စုံစမ်းလို့ရသွားပြီး သတ်တဲ့တရားခံကို ဆက်လက်စုံစမ်းနေတုန်းပဲ။”
မုတ္တမ မင်းတပ်ရပ်ကွက် မြသိန်းတန်ဘုရားနှင့် အောင်မင်္ဂလာကျောင်းကြားမှာရှိတဲ့ လမ်းကြားထဲမှာ အသတ်ခံရတာဖြစ်ပြီး အသတ်ခံရသူ အမျိုးသားရဲ့ ညာဘက် ရင်အုံ၊ ဝမ်းဗိုက်၊ လက်ဖျံနဲ့ လည်ပင်းတို့မှာ ထိုးသွင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေလို့ မုတ္တမ တိုက်နယ်ဆေးရုံကို ရဲက ပို့ဆောင်ပေးခဲ့ပါတယ်။
သေဆုံးသူ မောင်းနှင်လာတဲ့ အယ်လ်ဖာ အမည်းရောင်ဆိုင်ကယ်(လိုင်စင်မရှိ)ကို လည်း အခင်းဖြစ်တဲ့နေရာမှာ မတွေ့ရှိရဘူးလို့ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး မုတ္တမနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ဆက်လက်စုံစမ်း စစ်ဆေးဆောင်ရွက်နေပါတယ်။
အလားတူပင် အောက်တိုဘာ ၂၇ ရက်နေ့ကလည်း မုတ္တမရပ်၊ သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းရွာမှာ တူဖြစ်သူက အဒေါ်ဖြစ်သူကို ဓားမနဲ့ ခုတ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။
သတင်း - အာကာမင်း











