DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ငြိမ်းချမ်းရေးခရီးစဉ် ဘယ်လောက်နီးပြီလဲ၊ ဘာတွေလုပ်ဖို့ကျန်သေးလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
October 31, 2017
ငြိမ်းချမ်းရေးခရီးစဉ် ဘယ်လောက်နီးပြီလဲ၊ ဘာတွေလုပ်ဖို့ကျန်သေးလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB


ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ၂၀၁၇ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ ဒီနှစ်အစောပိုင်းက ပြောခဲ့ပါတယ်။ အခု နှစ်ကုန်ဖို့လည်း နီးလာပါပြီ။ အဲဒါနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးခရီးစဉ် ဘယ်လောက်နီးပြီလဲ၊ ဘာတွေလုပ်ဖို့ ကျန်သေးလဲဆိုတာ ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ဦးအေးမောင်ကျော်နဲ့  Myanmar Quarterly အယ်ဒီတာ ဦးနေထွန်းနိုင်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ်၊ ဒီနှစ်ထဲမှာပဲ အရင်လက်မှတ်ထိုးထားတဲ့ အန်စီအေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတာ ၈ ဖွဲ့ပဲ ရှိသေးတယ်။ အသစ်လည်း မပါသေးဘူး။ ၂၁ ပင်လုံလည်း ၂ ခါ ခေါ်ခဲ့ပြီးပြီ။ နောက်ထပ်တခါလည်း ခေါ်ရမယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြန်လည်ညှိနှိုင်းတယ်။ မနေ့ကဆိုရင် အချက် ၂၁ ချက် ထပ်ပေါ်လာတယ်။ ဒါတောင် လက်မှတ်ထိုးထားတဲ့လူပဲ။ အသစ်လည်း မပါသေးဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးခရီးစဉ် ဘယ်နေရာရောက်နေလဲ၊ ဘယ်လိုအလားအလာတွေရှိလဲ ဆရာ စပြီး သုံးသပ်ပေးပါဦး။”

ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်)

“၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ် ဆိုပြီးတော့ ပြောခဲ့တာတွေ ရှိတယ်ပေါ့။ အခု ၂၀၁၇ ကုန်ဖို့က ၂ လလောက်ပဲ လိုတော့တယ်။ လုပ်ဖို့ရှိတာကတော့ ဒီနှစ်ကုန်မှာ တတိယအကြိမ် ၂၁ ရာစုပင်လုံ ဆွေးနွေးဖို့ရှိတယ်။ အဲဒီမှာ ဘယ်လောက်လုပ်နိုင်မလဲပေါ့။ ဒီတချက်ပဲ စောင့်ကြည့်ရတော့မယ်။ ဒုတိယအကြိမ်ပင်လုံနဲ့ ဒီဇင်ဘာလ ပင်လုံကြားမှာလည်း ရခိုင်ကိစ္စတွေ ပေါ်ခဲ့တာကိုး။ နိုင်ငံရေး Issue က ဟိုဘက်က အရမ်း ထိပ်ကိုတက်နေတဲ့အခါကျတော့ ဒီဘက်က ငြိမ်းချမ်းရေးကိစ္စက သွေးအေးသလို ပြန်ဖြစ်နေတယ်။ ဒါပေမယ့် အခု ပြန်ပြီးလုပ်ကြတယ်ပေါ့။ အဓိကကအားဖြင့်တော့ ယူအန်အက်ဖ်စီနဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ ညှိတာ တပိုင်းရှိမယ်။ လက်မှတ်ထိုးပြီးသား ၈ ဖွဲ့နဲ့ ပြန်သုံးသပ်တာပေါ့နော်၊ လက်မှတ်ထိုးတဲ့ ဖြစ်စဉ်ကို ပြန်သုံးသပ်တာရှိမယ်။ နောက်တခုက သူတို့လုပ်ရမှာက မြောက်ပိုင်း ၇ ဖွဲ့လို့ခေါ်တဲ့ ‘ဝ’ ခေါင်းဆောင်တဲ့ ၇ ဖွဲ့နဲ့လည်း တွေ့ဖို့ သူတို့ ကြိုးပမ်းနေတာရှိတယ်။ ဒီအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ လုပ်စရာ တော်တော်များများ ရှိပါတယ်။ ဒါတွေဟာ ဒီနှစ်လလောက်အတွင်းမှာ ဘယ်လောက်အထိ ဖြစ်နိုင်မလဲဆိုတာ အများကြီး စိတ်ပူစရာ အခြေအနေတော့ ရှိတယ်။ ပြီးခဲ့တဲ့ အန်စီအေ ၂ နှစ်မြောက် လက်မှတ်ထိုးတဲ့ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကာကွယ်ရေးဦးစီးချုပ်ရော ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖောတို့ အားလုံးက အန်စီအေကိုပဲ အခိုင်အမာရပ်ခံပြီး ပြောသွားတာ တွေ့ရတယ်ပေါ့။ အန်စီအေဟာ လမ်းပိတ်နေသလား၊ အန်စီအေ မဟုတ်ဘဲနဲ့ တခြားလမ်းကြောင်းက သွားမလားဆိုတဲ့ စဉ်းစားချက်၊ စိတ်ကူးတွေနဲ့ ပတ်သက်လို့ ဒါဟာ မဖြစ်နိုင်ဘူး။  ဒီအတိုင်းပဲ သွားရမယ်ဆိုတဲ့ သဘောကိုပဲ တွေ့ရတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာအေးမောင်ကျော်ကတော့ ဒီနှစ်တွင်းမှာ ရခိုင်ကိစ္စလည်း ပေါ်လာတယ်၊ အရင် အန်စီအေ ၈ ဖွဲ့ပေါ့နော်။ တကယ်မထိုးတာက မြောက်ပိုင်းက ၇ ဖွဲ့၊ ယူအန်အက်ဖ်စီက ၄ ဖွဲ့ပေါ့။ နာဂပါ ပါရင်တော့ ၁၂ ဖွဲ့ ဖြစ်မှာပေါ့။ အဲဒါ ကျန်နေသေးတယ်။ ပြောရမယ်ဆိုရင် အရင်နှစ်တွေတုန်းကနဲ့ ဘာမှ တိုးတက်လာတာ မရှိသေးဘူး။ ဒါပေမယ့် ဒီဟာတွေ ပါလာအောင်တော့ ကြိုးစားနေတယ်ပေါ့။ အဲဒီတော့ ဆရာနေထွန်းနိုင်လည်း ဒီဟာနဲ့ပတ်သက်လို့ အရင် အားလုံးပါဝင်ရေးမူပေါ့။ တချို့တော့ မပါဘူး ဖြစ်နေတယ်။ အရင်ရှိထားတဲ့ ၈ ဖွဲ့ကိုပဲ တချို့ပြန်ညှိနှိုင်းရတဲ့ အခြေအနေ ဖြစ်နေတယ်။ ရှေ့ရောက်နေလား၊ ဘာတွေဆက်လုပ်ဖို့ အရေးတကြီးလိုမလဲ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ဦးနေထွန်းနိုင် (Myanmar Quarterly Editor)

“ကျနော်တို့က နှစ်ပိုင်း ခွဲကြည့်ဖို့ လိုတယ်ပေါ့နော်။ ပထမတပိုင်းက အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ကိစ္စ ရှိတယ်။ မထိုးထားတဲ့ အဖွဲ့တွေ ရှိတယ်။ နောက်ပိုင်းမှာ ဦးစားပေးပြီး ပြောလာကြတယ်။ ဘာကြောင့် အဲဒီလို နှစ်ပိုင်းခွဲ စဉ်းစားရလဲဆိုတဲ့ အခြေအနေက ဘာကြောင့်ပေါ်လာသလဲဆိုတော့ မေမှာလုပ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကြောင့် ဖြစ်လာတယ်။ အဲဒီမှာ ဒက်လော့ခ် ဖြစ်စရာ ကိစ္စတွေ ရှိလာတယ်ပေါ့။ ပြည်ထောင်စု သဘောတူညီချက်အရ အချက်အလက်တွေ ၃၇ ချက် ထွက်လာပေမယ့်လို့ အဲဒီအချက်အလက်တွေက အားလုံးကို ကိုယ်စားပြုတဲ့ အချက်အလက်တွေ မဟုတ်ဘူး။ ဒီအချက်အလက်တွေကလည်း ယူပီဒီဂျေစီအေရဲ့ ကြိုတင်ဆုံးဖြတ်ထားတဲ့ အချက်အလက်တွေကိုပဲ ပြန်ပြီး အတည်ပြုတဲ့ပုံစံမျိုး ဖြစ်တယ်။ လုပ်ထုံးလုပ်နည်းတွေ ကျော်နေတာရှိတယ်။ အဲဒီမှာလည်း Process က နှစ်ခု လုပ်လုံးလုပ်နည်း ကျော်တာရှိတယ်။ တခုက အန်စီအေအရ ပေါ်လာတဲ့ နိုင်ငံရေးလမ်းပြမြေပုံ မူဘောင်ကို ကျော်နေတာ။ နောက်တချက်ကလည်း ယူပီဒီဂျေစီအေ လုပ်ပိုင်ခွင့်၊ ငြိမ်းချမ်းရေးညီလာခံမှာ လုပ်ရမယ့်အဆင့်တွေကို ကျော်နေတာ။ အဲဒါပြီးသွားတဲ့အချိန်မှာ ထင်သလောက် ခရီးမရောက်ဘူး။ တဖက်မှာလည်း အန်စီအေဟာ ဒက်လော့ခ် ဖြစ်တော့မလား ဆိုတာမျိုး ပေါ်လာတဲ့အချိန်မျိုးမှာ အစိုးရဘက်က စဉ်းစားမယ့်ပုံစံက ဒါဆိုရင် ဟုတ်ပြီ၊ အပစ်မရပ်သေးတဲ့ အဖွဲ့တွေကို တမျိုးစဉ်းစားမယ်။ အပစ်ရပ်တဲ့ အဖွဲ့တွေ ငါတို့ ပြန် Review လုပ်မယ်ပေါ့နော်။ ဥပမာအားဖြင့် ဘာကြောင့် အားလုံးပါဝင်ရေး ဆိုတဲ့အထဲမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှမ်းပြည်နယ်မှာလည်း ကျနော်တို့ မလုပ်နိုင်သေးဘူး။ ရခိုင်မှာလည်း ကျနော်တို့ မလုပ်နိုင်သေးဘူး။ ဒါတွေကို သူတို့  ပြန်လုပ်ကြမယ်။ ရှိထားပြီးသား လူတွေရဲ့ ဆန္ဒကို၊ ပေးထားတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေနဲ့ ညီညွတ်အောင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ ပြန်ပြီး အာရုံစိုက်မယ်လို့ ကျနော်တို့ နားလည်ထားတယ်။ ရခိုင်ကိစ္စ ပေါ်လာတဲ့အချိန်မှာ  ငြိမ်းချမ်းရေးက နောက်ရောက်သွားတယ်။ ဒါလည်း သိပ်သဘာဝ မကျဘူးလို့ ထင်တယ်။ ရခိုင်ကိစ္စပေါ်လာလို့ ရခိုင်ကိစ္စနောက် အကုန်လုံး ပါသွားတယ်။ ငြိမ်းချမ်းရေးဆို ငြိမ်းချမ်းရေးနောက်ကို အကုန်လုံး ပြန်ပါသွားတယ်။ အမှန်တော့ ငြိမ်းချမ်းရေးက သူ့အဖွဲ့နဲ့သူ ဆက်ပြီးလုပ်နေရမယ့် အနေအထားမျိုး ရှိတယ်ပေါ့နော်။ ငြိမ်းချမ်းရေးနှစ်ကတော့ ယတိပြတ် ပြောလို့ရပါတယ်။ ဒီနှစ်ကတော့ မဖြစ်နိုင်တော့ပါဘူး။ ဒါဟာ ကြွေးကြွေသံတခုပဲ ဖြစ်ခဲ့ပါလိမ့်မယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013