DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းစစ်ချုပ်ငြိမ်းရေး နိုင်ငံရေး သဘောတူညီချက်အပေါ် မူတည်နေ
DVB
·
October 30, 2017
ပြည်တွင်းစစ်ချုပ်ငြိမ်းရေး နိုင်ငံရေး သဘောတူညီချက်အပေါ် မူတည်နေ
Donate to DVB

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အကျေအလည် ညှိနှိုင်းနိုင်မယ့် အခြေအနေမျိုး ဖန်တီးဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) အစည်းအဝေးမှာ ပြောပါတယ်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးဟာ နိုင်ငံရေး သဘောတူညီချက်တွေ ရရှိတဲ့အပေါ် မူတည်နေတယ်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတာနဲ့ ပတ်သက်တဲ့ Standard Operation Procedure (SOP) မူကြမ်းရေးဆွဲဖို့နဲ့ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်လာရေးကိုလည်း ယူပီဒီဂျေစီ အဖွဲ့ဝင်တွေက တဖက်တလမ်းကနေ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံခဲ့ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူတွေ ချမှတ်တာကို ၂၀၁၈ ခုနှစ်အတွင်း ပြီးပြတ်အောင် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ပေးကြဖို့နဲ့ ကလေးသူငယ်တွေ ကြီးပြင်းလာတဲ့ နောင်လာမယ့်ကာလမှာ မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်မှာ မြင့်မြင့်မားမား ရပ်တည်နိုင်ပြီး ဘယ်သူကမှ မထိပါး မစော်ကားရဲတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာစေဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းပေးကြဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ရသေးတဲ့ နေရာတွေမှာ ပြုလုပ်နိုင်အောင် ဆောင်ရွက်ဖို့ ပြောကြားသွားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) အစည်းအဝေးကို ဒီကနေ့မနက် နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပသွားတာပါ။

ဒီအစည်းအဝေးမှာ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ့်နေရာနဲ့ ကျင်းပမယ့်ပုံစံ သတ်မှတ်ရေးတွေ၊ ကော်မတီမှာ ဆွေးနွေးမယ့် စာတမ်းတွေနဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ ကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမယ့်ကိစ္စတွေ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013