DVB Logo
Home
မြန်မာသတင်း
ကျားခေါင်းပါတီနှင့် ပူးပေါင်းရန် ကျားဖြူပါတီဆုံးဖြတ်
DVB
·
October 30, 2017
ကျားခေါင်းပါတီနှင့် ပူးပေါင်းရန် ကျားဖြူပါတီဆုံးဖြတ်
Donate to DVB

 

ရှမ်းနိုင်ငံရေးပါတီကြီး နှစ်ပါတီ ပူးပေါင်းရေးကို  ရဟန်းရှင်လူပြည်သူတွေရဲ့ ဆန္ဒပေါ် မူတည်ပြီးသဘောတူ လက်ခံကြောင်း ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက  အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

အောက်တိုဘာ ၂၈ ရက်က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပသွားတဲ့  ကျားဖြူပါတီရဲ့ ၁၄ ကြိမ်မြောက်  ဗဟိုအလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့  ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီကို ပြောပါတယ်။

“ရှမ်းပါတီတခုတည်းပေါင်းစည်းရေးကို ရဟန်းရှင်လူပြည်သူတွေက တစိုက်မတ်မတ် လိုလားတောင်းဆိုလာကြတယ်။ ဒီလထဲမှာလည်း  နမ့်ခမ်းပြည်သူတွေ အစည်းအဝေးလုပ်ပြီး ရှမ်းပါတီတွေ ပူးပေါင်းဖို့ ထုတ်ပြန်တောင်းဆိုတယ်။ နောက် ရှမ်းလူထုအသိုင်းအ၀ိုင်းရဲ့ ကြည်ညိုလေးစားမှုခံရပြီး  ပြည်သူကိုလွှမ်းမိုးနိုင်တဲ့ ဆရာတော်တပါးက သိန္နီတရားပွဲတစ်ခုမှာ ဟောသွားတာ ရှမ်းပါတီ တခုတည်း မပေါင်းစည်းနိုင်ရင် ဘယ်ပုံးကိုမှ မဲမထည့်ပေးနဲ့လို့ ပြောသွားတာ တော်တော်ထိမိပါတယ်။ တကယ်ဘဲ ပြည်သူတွေက ဘယ်ပါတီကိုမှ မဲမထည့်ပေးဘူးဆိုရင် ကျနော်တို့ ပြည်သူ့အသံတွေ လွှတ်တော်ထဲတင်ပြဖို့ ကိုယ်စားလှယ် မရှိတော့ဘူးလေ။ ဒါကြောင့်  ကျနော်တို့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ကျနော်တို့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဟာ ပါတီဝင်တွေက ရွေးချယ်ထားတဲ့လူတွေချည်းမို့ ပါတီတခုလုံးရဲ့ သဘောထားလည်း ဖြစ်ပါတယ်။”

တကယ်လို့  တဘက်ပါတီက လက်မခံနိုင်သေးရင်  လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပါတီကြီး ၂ ခုအနေနဲ့  မဲဆန္ဒနယ်မြေ ခွဲခြားပြီး ရွေးကောက်ပွဲဝင်ဖို့နဲ့ ပါတီပူးပေါင်းမှုအောင်မြင်ပါက ရှမ်းပါတီတစ်ခုတည်းအမည်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပါတီပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလက်နက်ကိုင်အဖွဲ့၊ လူမှုအခြေပြုအဖွဲ့စည်းတွေနဲ့ ဖွဲ့စည်းထားတဲ့  ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ထံ အကြောင်းကြားစာပေးပို့ခဲ့ပြီး CSSU လမ်းညွှန်တဲ့အတိုင်း လိုက်နာဆောင်ရွက်သွားဖို့ရှိပါတယ်။

CSSU ဥက္ကဋ္ဌကလည်း  ပါတီအရေးထက် အမျိုးသားအရေးကို ဦးစားပေးလိုက်တဲ့ ကျားဖြူပါတီဆုံးဖြတ်ချက်ကို  ၀မ်းသာဂုဏ်ယူကြောင်း၊ ပါတီပူးပေါင်းရေး အတွက် ကြိုးစားဆောင်ရွက်ပေးသွားမယ်လို့  အဲဒီစာရလျှင်ရချင်းဘဲ တုံ့ပြန်ခဲ့တယ်လို့  ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)ရဲ့ သဘောထားကိုသိရဖို့ ဆက်သွယ်မေးမြန်းရာမှာ ပါတီတွဲဘက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ သူတို့ပါတီဆီကို တိုက်ရိုက်စာပို့လာတာမရှိသေးတဲ့အတွက် လောလောဆယ် ဘာမှ ပြောစရာမရှိသေးဘူးလို့ ဆိုပါတယ်။

ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို  ၂၀၁၀  ဧပြီ  ၈ ရက်မှာ စတင်ထူထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာပါ စုစုပေါင်း အမတ် ၅၈ နေရာ အနိုင်ရခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်နယ်လွှတ်တော်အမတ် ၁ နေရာသာ အနိုင်ရခဲ့ပါတယ်။

ကျားဖြူပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၁၄ ယူနစ်ပြည်ထောင်စုမူကို လက်ခံ ထားပြီး ကျားခေါင်းပါတီကတော့ ၈ ယူနစ် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ထောင်ဖို့ ခံယူ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013