DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု ယခင်အစိုးရလောက် မကောင်းဟု စစ်တမ်းထုတ်
DVB
·
October 30, 2017
Donate to DVB

လက်ရှိ အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲတာဟာ ပြီးခဲ့တဲ့ အစိုးရနဲ့ နှိုင်းယှဉ်ရင် မကောင်းဘူးလို့  စီးပွားရေးလုပ်ငန်းရှင်အများစုက ဖြေဆိုခဲ့တယ်လို့  ပြည်တွင်း စစ်တမ်းတခုက ဆိုပါတယ်။

Myanmar Insider စီးပွားရေးဂျာနယ်က သုံးလတကြိမ် ပြုလုပ်တဲ့ စီပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်းမှာ ဖော်ပြထားတာပါ။

လက်ရှိအစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲတာကို ကောင်းတယ်လို့ ဖြေသူ ၁၂ ရာခိုင်နှုန်းရှိပြီး ၅၈ ရာခိုင်နှုန်းက မကောင်းဘူးလို့ ဖြေပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က စီးပွားရေးစီမံခန့်ခွဲမှု ကောင်းတယ်လို့ ဖြေဆိုသူ ၄၆ ရာခိုင်နှုန်းရှိပြီး ၁၉ ရာခိုင်နှုန်းက မကောင်းဘူးလို့ ဖြေပါတယ်။ အစိုးရ နှစ်ရပ်လုံးလက်ထက်မှာ ပုံမှန်ပဲလို့ ဖြေဆိုသူ ၂၇ ရာခိုင်နှုန်းစီနဲ့ တူညီတာ စစ်တမ်းမှာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေ မကောင်းဘူးလို့ ၆၃ ရာခိုင်နှုန်းက ဖြေထားပြီး နောက် ၃ လမှာ ပိုဆိုးမယ်လို့ အများစုက ဖြေထားပါတယ်။

ပြီးခဲ့တဲ့ တနှစ်နဲ့ယှဉ်ရင် ကုမ္ပဏီတွေရဲ့ အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှုတွေဟာ အတူတူပဲ ဖြစ်ပြီး လာမယ့် သုံးလမှာတော့ အလားအလာ ပိုကောင်းမယ်လို့ ယုံကြည်သူကတော့ အများစု ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိထက်ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ မသေချာဘူးလို့ အများစုက ဆိုပါတယ်။

စစ်တမ်းအရ စီးပွားရေး အလားအလာ အနုတ်ပြနေတယ်လို့လည်း လုပ်ငန်းရှင် အများစုက ဆိုပါတယ်။

သင့်ဘဝ အယ်ဒီတာဟောင်း ဒေါက်တာ တင်မောင်သန်းက “ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာက တော်တော်များများကို ဖွင့်ပေးခဲ့တော့ တိုးတက်တယ်လို့ မြင်ရတာပေါ့။ ဒီအစိုးရလက်ထက်မှာက အဲလို ပြစရာ သိပ်မရှိဘူး။ ဒါ့အပြင် မဟာဗျူဟာချတာမှာ အားနည်းနေတယ်လို့ထင်တယ်။ ဘယ်ကဏ္ဍမှာ ပိုတိုးတက်အောင် ကူညီမယ်ဆိုတဲ့ ဆုံးဖြတ်တာမှာ အားနည်းပြီး ဘတ်ဂျတ်ကို ဖြန့်သုံးသလို ဖြစ်နေတယ် လို့ထင်တယ်” လို့ ပြောပါတယ်။

စစ်တမ်းမှာဖော်ပြတဲ့ လုပ်ငန်းတခုချင်းစီရဲ့ အခြေအနေမှာတော့ အခွန်အပါအဝင် ကုန်ကျစရိတ်တွေက လုပ်ငန်းအတွက် စိုးရိမ်စရာလို့ ဆိုကြပြီး လာမယ့် သုံးလအတွင်း ပြည်ပနဲ့ ပြိုင်ဆိုင်ရတာက လုပ်ငန်းတွေအပေါ် သက်ရောက်မှု ပိုများတယ်လို့ ဆိုပါတယ်။

နိုင်ငံတခုရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲရာမှာ မိုက်ခရို စီးပွားရေးကို တည်ငြိမ်အောင် လုပ်တာနဲ့ အခြေခံအဆောက်အဦတွေ ပြုပြင်ပြောင်းလဲရေးလို့ နှစ်ဆင့်ရှိပြီး ဒုတိယအဆင့်က ပိုခက်တယ်လို့ စီးပွားရေး သုတေသီ ဒေါက်တာဇော်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ အစိုးရက မိုက်ခရိုစီးပွားရေးကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။ ဒီအစိုးရ လက်ထက်မှာတော့ ပိုခက်တဲ့အဆင့်ကို ကြုံနေရတယ်။ တခြားနိုင်ငံတွေလည်း ဒီအဆင့်မှာ ခက်တာပါပဲ။ ကျနော်တို့ တိုင်းပြည်ကတော့ ဒီဒဏ်ကို ပိုပြီးခံရပါတယ်” လို့ ပြောပါတယ်။

ဒီစစ်တမ်းကို အလုပ်သမား ဆယ်ဂဏန်းကနေ ထောင်ဂဏန်းအထိရှိတဲ့ လုပ်ငန်းရှင် အယောက် ၅၀ ကျော်ကို မေးမြန်းထားတာဖြစ်ပြီး ဖြေဆိုသူတွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ Myanmar Insider ဂျာနယ်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013