DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ယာယီခိုလှုံသည့်စခန်းများ ပိတ်ခိုင်းသဖြင့် ပြန်စရာနေအိမ် မရှိသူများ အခက်ကြုံ
DVB
·
October 30, 2017
ရခိုင်တွင် ယာယီခိုလှုံသည့်စခန်းများ ပိတ်ခိုင်းသဖြင့် ပြန်စရာနေအိမ် မရှိသူများ အခက်ကြုံ
Donate to DVB

မောင်တောဒေသမှာ နယ်မြေအခြေအနေ အေးချမ်းနေပြီဖြစ်လို့ ကယ်ဆယ်ရေးစခန်းတွေ နိုဝင်ဘာ ၂ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်သိမ်းရမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားလာခဲ့တဲ့အတွက် နေအိမ်ပျက်စီးသွားခဲ့သူတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လုံခြုံရေးအရ စိုးရိမ်ရတဲ့ ကျေးရွာတွေက လူတွေ အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

မောင်တောမြို့၊ ဟိန္ဒူ လူမှုကယ်ဆယ်ရေးအဖွဲ့က ဦးနီမောလ်က "အစိုးရရဲ့ ညွှန်ကြားစာကို အောက်တိုဘာ ၂၈ ရက်နေ့က ရပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ခေါ်ပြောတယ်။ ကျနော်တို့ ဟိန္ဒူတွေကတော့ အိမ်တွေ မီးလောင်ခံထားရတဲ့အပြင် မွတ်စလင်တွေကြားထဲမှာဆိုတော့ လုံးဝ မပြန်ကြဘူးပြောတယ်။ ကျနော်တို့ကို မြို့အနီးအနားဖြစ်ဖြစ်၊ လမ်းဘေးနီးတဲ့နေရာဖြစ်ဖြစ် နေပါရစေလို့ ခွင့်တောင်းထားတယ်။ သူတို့က တမန်းသား၊ ကြိမ်ချောင်း၊ ရွှေဇားမှာ ချပေးမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က မွတ်ဆလင်ရွာကြားမှာ မနေရဲတော့ဘူး။ အိမ်ပြန်ကြပါပေါ့။ ကျနော်တို့ ဒုက္ခသည်တွေမှာ အိမ်တွေမီးလောင်ကုန်တာ ရှိတယ်။ မိသားစုတွေ အသတ်ခံရတဲ့လူတွေရှိတယ်။ တော်တော်များများက နေစရာမရှိတော့ဘူးဆိုတော့ တော်တော် အခက်အခဲဖြစ်နေပြီ" လို့ ပြောပါတယ်။

ကိုင်းကြီး မြိုရွာသားတွေကတော့ ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းတွေက ပြောင်းသွားခဲ့ပြီး ကိုင်းကြီးရွာ မူလတန်းကျောင်းမှာ ယာယီခိုလှုံနေကြပါတယ်။ သူတို့အတွက် နေအိမ်အလုံး ၅၀ ကို ဆောက်လုပ်ပေးဖို့ အစိုးရက အစီအစဉ်လုပ်ထားပြီးဖြစ်ပေမယ့် လောလောဆယ် နေထိုင်စရာ အဆင်မပြေသေးလို့ ကိုင်းကြီးရွာထိပ် လမ်းဘေးမှာ ယာယီတဲအိမ်တွေ ကိုယ့်အစီအစဉ်နဲ့ ဆောက်လုပ်နေထိုင်ဖို့ ဆောင်ရွက်နေပါတယ်။

ကိုင်းကြီးရွာသား ဦးစံထွန်းကတော့ "စာသင်ကျောင်းမှာ မိသားစု ၄၀ ကျော် စုနေရတော့ ကျပ်တည်းပါတယ်။ ရွာဟောင်းကို ပြန်နေဖို့ကလည်း တောထဲမှာရှိနေတယ်။ လူလည်း ၈ ယောက် အသတ်ခံထားရတော့ စိုးရိမ်စိတ် ရှိနေတုန်းပါ။ ဒါကြောင့် လောလောဆယ် ဒီရွာထိပ်မှာ ယာယီတဲနဲ့နေဖို့ စီစဉ်လိုက်တာပါ" လို့ ပြောပါတယ်။

ကျေးရွာတခုလုံး မီးရှို့ခံရတဲ့ နံ့သာတောင်ကျေးရွာသား ၂၀၀ ကျော်နဲ့ ပရဟိတ ကျောင်းသားတွေကတော့ မောင်တောမြို့ သာသနာ့ဗိမာန် ယာယီကယ်ဆယ်ရေးစခန်းနဲ့ မြို့မကျောင်းတွေမှာ နေထိုင်ကြရဆဲဖြစ်ပြီး ရွာပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

"ကျနော်တို့ကိုတော့ ဒီနေရာက ပြောင်းရမယ်ဆိုတာ လာပြောတာမရှိသေးဘူး။ ကျနော်တို့ နံ့သာတောင်ကို လုံးဝ ပြန်လို့မရသေးဘူး။ မပြန်ရဲကြသေးဘူး" လို့ လက်ရှိ မောင်တောမှာ နေထိုင်နေတဲ့ နံ့သာတောင်ရွာသား မောင်ဝင်းလှိုင်က ပြောပါတယ်။

မောင်တောဒေသမှာ သြဂုတ်နဲ့ စက်တင်ဘာလ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း နေရပ်က တိမ်းရှောင်ထွက်ပြေးလာသူတွေ အများအပြား ရှိလာခဲ့ပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့ပေါ်တွေနဲ့ တခြားမြို့နယ်တွေကို တိမ်းရှောင်ပြီး ယာယီ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ခဲ့ကြတာပါ။

အများစုကတော့ မူလနေရပ်ကို ပြန်လည်နေထိုင်ကြပြီး ဖြစ်ပေမယ့် ပျက်စီးသွားခဲ့တဲ့ ရွာတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတဲ့ ကျေးရွာတွေက လူတွေကတော့ မပြန်နိုင်ကြသေးဘဲ ရှိနေတာပါ။

နေရပ်ပြန်ဖို့ အခက်အခဲရှိနေဆဲလူတွေဟာ စစ်တွေ ဓညဝတီဘောလုံးကွင်း၊ မောင်တော သာသနာ့ဗိမာန်နဲ့ အထကကျောင်းတို့မှာ ခိုလှုံနေကြပါတယ်။ အဲ့ဒီထဲမှာ ဟိန္ဒူမိသားစုတွေ အများဆုံးဖြစ်ပြီး စစ်တွေမြို့မှာ လူဦးရေ နှစ်ထောင်ခန့်၊ ဘူးသီးတောင်မှာ တထောင်နီးပါးထိ ရှိနေပါတယ်။

ရခိုင်ပြည်နယ်အစိုးရကတော့ နေရပ်စွန့်ခွာသူတွေ မိမိနေရပ်ပြန်နိုင်ရေး လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးဖို့အတွက် မြို့နယ်အာဏာပိုင်တွေနဲ့ ရပ်ကွက်ကျေးရွာတွေအထိ အသိပေး ဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားပြီး နိုဝင်ဘာ ၂ ရက်နေ့နောက်ပိုင်း ကယ်ဆယ်ရေးစခန်းတွေကို ရိက္ခာ၊ ငွေသားထောက်ပံ့တဲ့ အစီအစဉ်တွေ ရပ်ဆိုင်းတော့မယ်လို့ အသိပေးထားပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013