DVB Logo
Home
Lead Story
၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက် သို့မဟုတ် ခေတ်သစ်အတွက် အကြီးကျယ်ဆုံး အပြောင်းအလဲ
DVB
·
October 30, 2017
၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက် သို့မဟုတ် ခေတ်သစ်အတွက် အကြီးကျယ်ဆုံး အပြောင်းအလဲ
Donate to DVB

ငါးနှစ်တကြိမ် ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၉ ကြိမ်မြောက် ကွန်ဂရက်ကတော့ အောင်အောင်မြင်မြင်ပဲ ကျင်းပပြီးစီးသွားပါပြီ။ နှစ်ပေါင်းများစွာအတွင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးမားဆုံး အပြောင်းအလဲတခုလည်း ဖြစ်သလို တရုတ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်အရွေးခံရလို့ တရုတ်နိုင်ငံ သမ္မတလည်း ပြန်ဖြစ်လာမှာ သေချာသွားပြီဖြစ်တဲ့ မစ္စတာရှီကျင့်ဖျင်ဟာ ခေါင်းဆောင်ကြီး မော်စီတုံးပြီးရင် နိုင်ငံရဲ့ သြဇာအာဏာအရှိဆုံး ပထမဆုံး ရရှိလာတဲ့ ခေါင်းဆောင်တယောက် ဖြစ်လာခဲ့ပြီလို့ တရုတ်နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ယူဆကြပါတယ်။

ဘေဂျင်းမြို့တော် မဟာပြည်သူ့ခန်းမကြီးထဲကို တနိုင်ငံလုံးက တက်ရောက်လာခဲ့ကြတဲ့ ကွန်မြူနစ်ပါတီဝင် ကိုယ်စားလှယ် ၂၀၀၀ ရှေ့မှောက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြန်လည်စွမ်းအားဖြည့်ဆည်းထားတဲ့ ကွန်မြူနစ်ပါတီအနေနဲ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိဖို့ ပိုပြီး အင်အားစိုက်ထုတ်ကြဖို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောကြား တိုက်တွန်းသွားခဲ့ပါတယ်။ သူက အာဏာရပါတီအနေနဲ့ အမျိုးသားလုံခြုံရေးအတွက် ကာကွယ်ဖို့ကနေ သာမန် တရုတ်ပြည်သူလူထုတွေကို ကိုယ်ကျင့်တရားအရ လမ်းညွှန်ထိန်းကျောင်းပေးဖို့အထိ အရာရာတိုင်းအတွက် ဦးဆောင်ဦးရွက်အဖြစ် တာဝန်ယူကြဖို့လည်း မှာကြားသွားခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းတလျှောက်လုံးမှာ တရုတ်ကွန်မြူနစ်ပါတီကို တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့သာမက တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ရှင်သန် အားကောင်းလာအောင် လုပ်ဖို့၊ မှားယွင်းတဲ့ အတွေးအခေါ်တွေကို ဆန့်ကျင်ဖို့နဲ့ ‘ဦးတည် ယုံကြည်မှုရှိတဲ့ တရုတ်လူမျိုး’ ဆိုတဲ့ ဘာသာတရားကို တိုးမြှင့်ပေးဖို့ အမျိုးသားရေး လမ်းကြောင်းချ ပြောကြားသွားခဲ့တယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ရှီက “တရုတ်နိုင်ငံရဲ့ ကြီးမြတ်တဲ့ အားသစ်လောင်းမှုဟာ ပန်းခြံထဲမှာ လမ်းလျှောက်တာ၊ ဗုံတီးတာနဲ့ မောင်းထုတာ မဟုတ်ပါဘူး။ ပါတီတခုလုံးဟာ ပိုပြီး ခက်ခဲပင်ပန်းတဲ့ အားထုတ်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားကြရပါမယ်။ ခမ်းနားကြီးကျယ်တဲ့ စိတ်ကူးအိပ်မက်တွေကို အောင်မြင်ရယူဖို့ အကြီးအကျယ် ကြိုးပမ်းအားထုတ်မှု ရှိကြရပါမယ်” လို့ တွန်းအားပေး ပြောကြားခဲ့ပါတယ်။

တတိုင်းပြည်လုံးက ကွန်မြူနစ်ပါတီဝင် ကိုယ်စားလှယ်တွေကို ခေတ်သစ်ရဲ့ အစကို ကြိုဆိုရင်း တရုတ်ကွန်မြူနစ်ပါတီက ခေတ်မီခမ်းနားတဲ့ ဆိုရှယ်လစ်နိုင်ငံတခု ဖြစ်လာအောင် နိုင်ငံကို ဦးဆောင်မှုပေးသွားမယ့် မြော်မြင်မှုကိုလည်း အကြမ်းဖျင်း ချပြသွားခဲ့ပါတယ်။ ချီကာဂိုတက္ကသိုလ် တရုတ်နိုင်ငံရေးဗေဒ ကျွမ်းကျင်သူ ဒါလီယန်းက “ဆိုလိုတာကတော့ သူဟာ သူ့ကိုယ်သူ အတိတ်နဲ့ အတိတ်က ခေါင်းဆောင်တွေနဲ့စာရင် သဲကွဲခြားနားအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောတာဖြစ်သလို သူဟာ တရုတ်ပြည်ကို အတော်အတန် ကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာအောင် လုပ်ဆောင်ရာမှာ အောင်မြင်ဖို့ အလွန်နီးကပ်လာနေပြီ” လို့ ပြောလိုက်တာပဲ ဖြစ်ပါတယ်။

“သူက ဒီသတင်းစကားကို အားမာန်ရှိရှိ ပြောကြားသွားခဲ့တာပါ” လို့ ပြောဆိုခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံရေး ဝေဖန်သုံးသပ်သူတွေကလည်း ရှီဟာ သူ့ရှေ့က သမ္မတ ဟူကျင်းတောင်းနဲ့ ကျန်ဇီမင်းတို့လို ပါတီတွင်းအုပ်စုတွေ အပါအဝင် သူ့ပြိုင်ဘက်တွေကို ဘေးရောက်သွားအောင်လုပ်ပြီး သူ့ အဲဒီအာဏာကို ခိုင်မာအောင် စုစည်းလိုက်တာပါပဲလို့ သုံးသပ်မှတ်ချက်ပြုခဲ့ကြတာလည်း တွေ့ရပါတယ်။ အံ့သြစရာကောင်းတာက သူ့ရဲ့ မိန့်ခွန်းပြောကြားချိန်ပါပဲ။ သူက သူ့မိန့်ခွန်းကို ၃ နာရီခွဲကြာအောင် ပြောကြားခဲ့ရာမှာ စီပွားရေးအရ ရှားရှားပါးပါး အသိအမှတ်ပြုမှုတခုအဖြစ် “ရှေ့အလားအလာကတော့ တောက်ပနေပါတယ်။ ဒါပေမယ့် စိန်ခေါ်အားပြိုင်မှုတွေကလည်း စိုးရိမ်ထိတ်လန့်စရာပါ” လို့ ပြောကြားရင်း တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ကြီးမားတဲ့ စွန့်စားမှုတွေကို ကိုင်တွယ် ဆောင်ရွက်သွားမှာဖြစ်သလို အဓိက ဆန့်ကျင်တားဆီးမှုတွေကိုလည်း ကျော်လွှားသွားရမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ကွန်ဂရက် အစည်းအဝေးကြီးက သမ္မတ ရှီက သူ့ရဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို ဘယ်လိုနဲ့ ဘယ်လောက်အထိ သြဇာသက်ရောက်မှု ရှိနေသလဲ ဆိုတာကို ပြသတာ ဖြစ်နိုင်ပါတယ်။ အခုထိကတော့ ရှီက စီးပွာရေးကဏ္ဍမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အားကောင်းတဲ့ အနေအထားရှိအောင် ထိန်းသိမ်းကာကွယ်မှုဟာ အလွန်အင်အားကောင်းတယ် ဆိုတာကို ပြသလိုက်တာပဲလို့ သတင်းမီဒီယာတွေက ပြောဆိုခဲ့ပါတယ်။

အများအားဖြင့်ကတော့ တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးတွေဟာ တံခါးပိတ် ကျင်းပလေ့ရှိသလို လုံခြုံရေးကိုလည်း အထူးတင်းတင်းကျပ်ကျပ် ကာကွယ်ပြီး သဘောထား ကွဲလွဲသူတွေရဲ့ ပေးလာနိုင်တဲ့ အန္တရာယ်မရှိရအောင် အစစအရာရာ ပြင်ဆင်ပြီးမှ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ခု ၁၉ ကြိမ်မြောက် ကွန်ဂရက်ကတော့ အခန်းကဏ္ဍသစ်ကနေ ထွက်ပေါ်လာမယ့် အားကောင်းတဲ့ ကွန်မြူနစ်ပါတီရဲ့ ကေဒါတွေကို ကြည့်ရှုလိုက်တာပါပဲ။ သမ္မတ ရှီကျင့်ဖျင်အတွက်လည်း နောက် ၅ နှစ်အတွက် သူ့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အမြော်အမြင်တွေကို လူသိရှင်ကြားချပြဖို့ အခွင့်အလမ်းတခု ဖြစ်သွားအောင် လုပ်ထားခဲ့တာ ဖြစ်တယ်လို့ ပြောရင် မမှားလောက်ပါဘူး။ အရင်က ကျင်းပခဲ့တဲ့ ပါတီကွန်ဂရက်တွေနဲ့မတူတဲ့ အပြောင်းအလဲတွေကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားခဲ့တာ တွေ့ရပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်ကနေ ပါတီဗဟိုကော်မတီ အယောက် ၂၀၀ ကို ရွေးချယ်ခဲ့သလို အကြမ်းဖျင်းအားဖြင့် နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ၂၅ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။

အဲဒီ ၂၅ ဦးထဲကမှ ပီအက်စ်စီ (PSC) လို့ခေါ်တဲ့ အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ၅ ဦး ဒါမှမဟုတ် ၉ ဦးကို ရွေးချယ်လေ့ရှိပါတယ်။ ဒီ ၁၉ ကြိမ်မြောက် ပါတီကွန်ဂရက်ကတော့ အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်တွေအဖြစ် ထိပ်တန်းပါတီဝင် ၇ ဦးကို ရွေးချယ်တင်မြှောက်ပေးခဲ့ပါတယ်။ တကယ်တော့ ဖြစ်လေ့ဖြစ်ထရှိတာက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကွန်ဂရက်မတိုင်ခင်ကတည်းက ချမျတ်ထားပြီး ဖြစ်ပါတယ်။ ပါတီတွင်း အုပ်စုငယ်ကလေးတွေကလည်း သူတို့အစီအစဉ်နဲ့ သူတို့ ကြိုတင်ပြိုင်ဆိုင်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်သူပဲနိုင်နိုင် နိုင်သူကတော့ ကမ္ဘာကြီးရဲ့ ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံကြီးအတွက် နောက် ၅ နှစ်တာ ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာအောင် သက်ရောက်မှု ရှိသွားမှာပဲ ဖြစ်ပါတယ်။

မစ္စတာ ရှီကျင့်ဖျင်ကတော့ ဗဟိုချက်မအကျဆုံးနေရာမှာ ရှိနေပါပြီ။ သူက ဗဟိုချက်မ ဖြစ်ပေမယ့် သူ့ရဲ့ မူဝါဒ အတွေးအခေါ်၊ ဆုံးဖြတ်ချက်တွေကို ကူညီပံ့ပိုးပေးမယ့်၊ ကျားကန်ပေးမယ့် အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ၇ ဦးကလည်း သမ္မတ ရှီကျင့်ဖျင်အတွက် အရေးပါသလို တရုတ်နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတရှီက သူ့ကို ဝန်းရံပေးမယ့် အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ကို စိတ်တိုင်းကျ ရွေးချယ်ထားခဲ့ပြီဆိုတာ ရှင်းနေပါတယ်။ ဥပမာ တရုတ်ကွန်မြူနစ်ပါတီရဲ့ စည်းမျဉ်းဥပဒေသအရ အသက် ၆၈ နှစ်နဲ့အထက် ပါတီထိပ်တန်းခေါင်းဆောင်တွေဟာ တာဝန်က အနားယူပေးကြရပါတယ်။ ဒါပေမယ့် သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်သန့်စင်ရေး စီမံချက်မှာ အဓိကမဟာမိတ်ဖြစ်တဲ့ ဝမ်ကီရှန်းကို အသက် ၆၉ နှစ်ရှိနေပြီ ဖြစ်ပေမယ့် အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့မှာ ဆက်လက်ရှိနေစေချင်သေးတဲ့အတွက် အသက်ကန့်သတ်ချက် စည်းမျဉ်းဥပဒေသကို ချိုးဖောက်ရတဲ့ အခြေအနေကို တွေ့ရပါတယ်။ တကယ်တော့ သမ္မတ ရှီရဲ့ ပထမသက်တမ်းဟာ သူ့ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တဲ့ အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်သန့်စင်ရေး စီမံချက်နဲ့ နိုင်ငံခြားရေး မူဝါဒရေးရာကိစ္စတွေ၊ တောင်တရုတ်ပင်လယ် ပိုင်နက်နယ်မြေ တိုးချဲ့တောင်းဆိုရေးကိစ္စနဲ့ အာရှ၊ ဥရောပ၊ အာဖရိက ကုန်သွယ်မှုကွန်ရက် ဖြစ်လာဖို့ သူ့ရဲ့ရပ်ဝန်းတခု လမ်းမတသွယ် မဟာဗျူဟာစီမံကိန်းကြီးတွေ ချပြပုံဖော်မှုတွေနဲ့ပဲ ကုန်ဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံ ရှေ့ဆက် တိုးတက်ဖို့အတွက်နဲ့ အသစ်ဖွံ့ဖြိုးဖြစ်ပေါ်လာတဲ့ စီးပွားရေးအင်အားစုတွေကို ပျက်စီးစေတဲ့ ‘အလယ်အလတ် ဝင်ငွေထောင်ချောက်’ ကို ရှောင်ရှားနိုင်ဖို့ ပိုပြီးလွတ်လပ်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု လိုအပ်တယ်လို့လည်း လေ့လာသူတွေက ရှုမြင်ကြပါတယ်။ အခြခံမူဝါဒရေးရာကတော့ ဈေးကွက်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အဲဒီအတွက် အခု ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်က ရွေးချယ်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်သစ်တွေ ဘယ်အချိန်မှာ ဖယ်ထွက်ပေးရမလဲ ဆိုတာဟာ သူတို့ကို ဈေးကွက်ဖော်ဆောင်မှုအတွက် အထောက်အကူ ဖြစ်စေသလား၊ ဆန့်ကျင်တားဆီးမှု ဖြစ်စေသလား ဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ်လို့လည်း တရုတ်ရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ခုချိန်ထိကတော့ သမ္မတ ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်စီးပွားရေးနယ်ပယ်က နိုင်ငံပိုင်ကုမ္ပဏီတွေအတွက် အလွန်အားကောင်းခိုင်မာတဲ့ နေရာကို ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ တချို့တိုးတက်မှုတွေ ရှိနေခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကတော့ နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ အပိုင်းတွေကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအတွက် ဖွင့်လှစ်ပေးလိုက်တာကို မြင်ချင်ကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက သမ္မတ ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်ကို သူ့ရှေ့က တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မော်စီတုံးနဲ့ တိန့်ရှောင်ဖိန်တို့လို သူတို့ရဲ့ အတွေးအခေါ်ကို ပါတီရဲ့မူဝါဒအဖြစ် သတ်မှတ်ကိုင်စွဲခဲ့သလိုပဲ ကိုင်စွဲလိုက်ပြီ ဖြစ်ပြီး နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့လည်း သဘောတူလိုက်ပြီ ဖြစ်တဲ့အတွက် ခုလာမယ့် သမ္မတ ရှီကျင့်ဖျင်ရဲ့ ဒုတိယသက်တမ်းမှာတော့ အပြောင်းအလဲတွေ အများကြီးဖြစ်လာမယ့် တရုတ်ပြည်ကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

အလားတူပဲ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ စီးပွားရေးကဏ္ဍတွေမှာလည်း တရုတ်ပြည်ရဲ့ အပြောင်းအလဲနဲ့ ဦးဆောင်မှုပေးလာမယ့် အခြေအနေတွေကို တွေ့မြင်လာရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။       ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013