DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် မီးပုံးပျံလုပ်ရာမှ နေအိမ် ၅ လုံး မီးလောင်၊ အရန်မီးသတ် ၁ ဦးသေဆုံး (ရုပ်သံ)
DVB
·
October 30, 2017
တောင်ကြီးတွင် မီးပုံးပျံလုပ်ရာမှ နေအိမ် ၅ လုံး မီးလောင်၊ အရန်မီးသတ် ၁ ဦးသေဆုံး (ရုပ်သံ)
1 / 2
Donate to DVB

ရှမ်းပြည်နယ်၊ မြို့တော်တောင်ကြီးမှာ မနေ့ညနေက ရိုးရာမီးပုံးပျံပြိုင်ပွဲအတွက် မီးပုံးပျံလုပ်ရင်း ယမ်းထပေါက်တာကြောင့် လူနေအိမ် ၅ လုံး မီးလောင်မှုဖြစ်ပွားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ယမ်းလုပ်သူ ၃ ဦး ဒဏ်ရာရရှိသွားပါတယ်။

မနေ့ ညနေ ၅ နာရီကျော်က တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် အနော်ရထာလမ်းထဲမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရချင်း မီးသတ်ကား ၁၂ စီးနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး ဒေသခံတွေက ရေသယ်ကားတွေနဲ့ပါ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ တာကြောင့် ညနေ ၆ နာရီ  ၁၅ မိနစ်လောက်မှာ မီးငြိမ်းသွားခဲ့တာပါ။

မီးလောင်မှုမှာ အိမ်ရှင် ကိုစိုးနိုင်လေး ခေါ် ကိုအောင်ငဲအပါအ၀င် ယမ်းလုပ်နေတဲ့သူ ၃ ဦး ဒဏ်ရာရပြီး ဘေးအိမ်တွေပါ ကူးစက်ကာ စုစုပေါင်း နေအိမ် ၅ လုံး ဆုံးရှုံးခဲ့တယ်လို့ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်မင်းက ဒီဗွီဘီကို ပြောပါတယ်။

“ညနေ ၅ နာရီ ၁၇ မိနစ်မှာ ကျနော်တို့ တယ်လီဖုန်းသတင်းရပါတယ်။ ၅ နာရီ ၁၅ မှာ မီးစလောင်တယ်လို့ မှန်းတယ်။ ကိုစိုးနိုင်လေး ခေါ် ကိုအောင်ငဲတို့အိမ်က စပြီးလောင်တာပါ၊ သူတို့က မီးပုံးပျံမီးရှူး ယမ်းမီးပေါ့။ မီးရှူးရိုက်တဲ့အချိန်မှာ ဖြစ်သွားတာ။ သူတို့ဝိုင်းထဲမှာ အိမ်ချင်း ကပ်နေကြတာရော ထရံကာ သွပ်မိုးအိမ်တွေလည်းပါတော့ လောင်စာလိုဖြစ်ပြီး ဘေးဘယ်ညာ အမြန်ကူးသွားတာလေ။ ဧရိယာကြည့်ရင်တော့ ပေတစ်ရာပတ်လည်တောင် မပြည့်ချင်ဘူး၊ အားလုံးလောင်တာ ၅ လုံး၊ ပြီးတော့ တခြားအိမ်က နံရံတွေ နည်းနည်းပါးပါးလောင်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ အိမ်ရှင်ကိုစိုးနိုင်လေး နဲ့ ယမ်းလုပ်တဲ့ သူ ၂ ယောက်ပေါ့။ အခု စ၀်စံ ထွန်းဆေးရုံမှာ အတွင်းလူနာအနေနဲ့ တင်ထားတယ်၊ ကိုစိုးနိုင်လေးက ဒဏ်ရာပြင်းထန်တယ်။”

ဒါ့အပြင် ရွှေညောင်မှ အရန်မီးသတ်တပ်ဖွဲ့ဝင် အသက် ၆၅ နှစ်အရွယ် ဦးမောင်မောင်တင် သေဆုံးခဲ့ကြောင်း၊ သူသေဆုံးတာဟာ အများက ပြောနေကြသလို မီးသတ်ရင်းမီးခိုးမွှန်လို့ ဆုံးရတာမဟုတ်ဘဲ သူ့မှာနှလုံးရောဂါအခံရှိတာကြောင့် နှလုံးရောဂါနဲ့ အဲဒီမှာ သေဆုံးသွားတာလို့  ပြည်နယ်မှူးက ဆက်ပြောပါတယ်။

မီးလောင်ဆုံးရှုံးမှုပမာဏအနေနဲ့ ကျပ် သိန်း ၂၀၀ နီးပါးရှိမယ်လို့ ရဲစခန်းက တွက်ချက်ခန့်မှန်းထားပြီး မီးလောင်မှုနဲ့ ပတ်သက်လို့  တောင်ကြီးရဲစခန်းက အိမ်ရှင်ကို  ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။

ရုပ်သံ - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013