
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာမှာ ဇူလိုင်လမှစတင်ပြီး ဧရာဝတီမြစ်ရေတိုက်စားတာကြောင့် မြစ်ကမ်းပါးပြိုပြီး ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စုတွေအတွက် မြေနေရာပြန်လည်ချပေးဖို့အတွက် အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုး သွားရောက်ကြည်ရှုခဲ့ပါတယ်။
“မနေ့က လာကြည့်ပြီးတော့ နေရာနှစ်နေရာကြည့်သွားတယ်။ အုန်းပင်ကွင်းကျေးရွာက လယ်မြေနေရာနဲ့ သဲဖြူကျေးရွာက စားကျတ်မြေကို ကြည့်သွားပါတယ်။ ဘယ်တော့ လုပ်ပေးမယ်လို့တော့ ပြောမသွားဘူး။ ဌာနဆိုင်ရာတွေနဲ့တိုင်ပင်ပြီး အမြန်ဆုံး လုပ်ပေးမယ် လို့တော့ ပြောသွားပါတယ်”လို့ မြို့မိမြို့ဖဦးသန်းစိုးက ပြောပါတယ်။
ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့အတူ စိုက်ပျိုးရေးဝန်ကြီး ဦးဟန်ထွန်းနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ပြီး မြေနေရာကြည့်တာတွေနဲ့ ပြည်သူတွေကို တွေ့ဆုံခဲ့ကြောင်း ဦးသန်းစိုးက ပြောပါတယ်။
အဖျောက်မြို့ အုပ်ချူပ်ရေးမှူး ဦးချမ်းမင်းစိုးကတော့ “မြို့တော်ဝန်နဲ့အဖွဲ့က လာတော့ ကြည့်သွားပါတယ်။ နေရာ နှစ်နေရာကိုပေါ့။ လယ်မြေရယ်။ စားကျက်မြေရယ်ကို သူတို့ပြန်စိစစ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်ပေးမှာပါလို့ ပြောသွားပါတယ်။ အခုကကမ်းကပြိုတော့ လူတွေ အခက်အခဲဖြစ်တယ်။ ဒါကြောင့် နောက်ထပ်မဖြစ်ရအောင်လို့ တရွာလုံးကို ရွှေ့ပြောင်းဖို့ များပါတယ်။ ရာသီဥတုအခြေအနေကြောင့် အချိန်တော့ နည်းနည်းစောင့်ရမှာပေါ့။ မြစ်ကမ်းပါး ပြိုတာက တရွာထဲ မဟုတ်ပါဘူး။ ကျေးရွာ ၅ ရွာလောက်ရှိတယ်။ ဒါပေမယ့် အေးရွာကျေးရွာ ကတော့ အများဆုံးပေါ့။ အဓိကတော့ပြောင်းရွှေ့ရတဲ့ မိသားစုတွေအတွက် နေစရာလိုနေတာပါ။ အခုလည်းအဆင်ပြေတဲ့နေရာမှာ နေရတယ်။ မြစ်ကမ်းပါးက ခုချိန်ထိနည်းနည်းစီ ပြိုနေတုန်းပါ။ မြစ်ကမ်းပါးဘေးမှာနေတဲ့ ရွာဆိုတော့ ရေတိုက်စားပြီးပြိုမှာပဲ။ ဒေသခံတွေပြောတာကတော့ အရင်တုန်းက ဒီနေရာတွေမှာ တရားမဝင်ကျောက်စုတ်တာတွေ ရှိခဲ့တယ်လို့ပြောပါတယ်။ အဲ့ဒါတွေကြောင့်လည်း ပါမှာပါ"လို့ပြောပါတယ်။
တိုက်ကြီးမြို့နယ် အဖျောက်မြို့မှာ ၂၀၁၇ ခု ဇူလိုင်လက စတင်ပြီး မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့တဲ့ အေးရွာကျေးရွာရေပေါ်သောင်ကျေးရွာ မဲသောင်ကျေးရွာကြွေ ပုဂံချောင်းကျေးရွာ ပန်းတုန်းပိတ်ကျေးရွာတွေမှာ အိမ်ထောင်စု ၁၃၀ ကျော်ရှိခဲ့ပြီး မိသားစုဝင်တွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးမှာ ထောက်ပံ့တာတွေ ပြုလုပ်ပေးနေပါတယ်။
အေးရွာကျေးရွာမှာ အောက်တိုဘာ ၁၆ ရက်နေ့ည ၁၂ နာရီမှာ မြစ်ကမ်းပါတွေ ဆက်တိုက်ပြိုကျတာ ဖြစ်ပွားခဲ့ပြီး နေအိမ်ခြောက်လုံးရေထဲပါသွားခဲ့ပြီး အိမ်ထောင်စု ၁၅ စု အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။ အခုလက်ရှိအချိန်မှာလည်း မြစ်ကမ်းပါးတွေ ဆက်လက်ပြို ကျတာ ဖြစ်ပွားနေပါတယ်။
သတင်း - မေသွယ်











