
မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ဘာသာစုံသင်္ချိုင်းနံဘေးရှိ အမှိုက်ပုံမှာ အောက်တိုဘာ ၂၈ ရက်နေ့က မွေးကင်းစကလေးငယ်အလောင်းတလောင်း လာရောက်စွန့်ပစ်ထားတာကို တွေ့ရှိခဲ့တယ်လို့ အမှိုက်ပုံရှင်းလင်းရေးလုပ်တဲ့ မြိတ်စည်ပင်အလုပ်သမားတွေထံမှ သိရပါတယ်။
ကလွင်ကျေးရွာအုပ်စု ဘာသာစုံသင်္ချိုင်းနံဘေးရှိ စည်ပင်အမှိုက်ပုံမှာ အောက်တိုဘာ ၂၈ ရက်နေ့က အမှိုက်ပုံရှင်းလင်းရေးပြုလုပ်နေစဉ် ပလတ်စတစ်အမှိုက်ကောက်သူတွေက ဆာလံအိတ်ကို သွန်ချရာမှ ၆ လအရွယ် မွေးကင်းစ ယောကျာ်းလေးအလောင်း လာရောက် စွန့်ပစ်ထားတာကို တွေ့ရှိခဲ့တာပါ။
မြိတ်မြို့မရဲစခန်းရုံးမှ တာဝန်မှူး ရဲအုပ်လှမျိုးက “မွေးကင်းစကလေးငယ်ကို အမှိုက်ပုံမှာ လာရောက်စွန့်ပစ်ထားတာပဲ သိရတယ်။ ဘယ်ခြံက ဘယ်လိုလာရောက်စွန့်ပစ်ထားမှန်း မသိဘူး။ ကလေးအလောင်းကို အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွှဲပိုင်း ၁၂ နာရီလောက်က ပလတ်စတစ်ကောက်တဲ့ လူတွေက စတွေ့တာပါ။ အလောင်းက ပုပ်နေပြီး ဖြစ်တယ်။ ကျနော်တို့ကတော့ ဘယ်ရပ်ကွက်၊ ဘယ်အမှိုက်ကားက လာရောက်စွန့်ပစ်ထားတယ်ဆိုတာကို စုံစမ်းရှာဖွေဖို့ အမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။
ကလွင်ကျေးရွာအုပ်စု ဘာသာစုံမြန်မမာသင်္ချိုင်းနံဘေး စည်ပင်အမှိုက်ပုံမှာ လာရောက် စွန့်ပစ်တာ၊ တိတ်တဆိတ်အလောင်းကို ဖျောက်ဖျက်တာနဲ့ မွေးဖွားတဲ့ ကလေးအလောင်းကို စွန့်ပစ်သူ စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် မြိတ်မြို့မရဲစခန်းရုံးမှ (ပ) ၂၄၅၁/ ၂၀၁၇| ရာဇာသတ်ကြီးပုဒ်မ ၃၁၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - ဇော်ဇော် (မြိတ်)











