
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အောင်နန်းအနောက်ရပ်ကွက် ၈၄ လမ်း ၃၁ လမ်းက ဓမ္မသာလာခန်းမမှာ သက်ကြီးနိုင်ငံရေးအကျဉ်းသားဟောင်းများ ဂါဝရပြုပွဲနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ ပထမအကြိမ် တွေ့ဆုံပွဲကို ဒီနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ မန္တလေးမြို့မှ ထေကြီးဝါကြီး ဆရာတော်ကြီး ၂၁ ပါးကို မနက် ၁၁ နာရီက ဆွမ်းကပ်လှူခဲ့ပါတယ်။
သက်ကြီးနိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်တဲ့ ဦးရွှေထူး၊ ဦးကျော်တင်၊ ဆရာ တင်သန်းနီ၊ ဦးသိန်းတန်၊ ဒေါ်အမာ၊ ဦးသစ်လွင် (လူထု)၊ ဦးသန်းထိုက်၊ ဦးခင်မောင်သန်း (တော်ဝင်)ကို စတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းကြီးတွေ အပါအ၀င် အကျဉ်းသားဟောင်း ၄၁ ဦးကို ဂါဝရပြုကန်တော့ခဲ့ကြတာပါ။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်မိုးကျော်က “စစ်အာဏာရှင်စနစ်ကို ကျရာတာဝန် အခန်းကဏ္ဍကနေ ဘဝတွေ၊ သွေးတွေ၊ ချွေးတွေ မိသားစုဘဝတွေကိုရင်းပြီး အကျဉ်းကျခံ ဒုက္ခခံခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပထမဦးအကြိမ် ဂါရဝပြုဂုဏ်ပြုရတာ ဖြစ်တယ်”လို့ ပြောပါတယ်။











