DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် သတင်းထောက်များကို မိသားစုဝင်များ တွေ့ခွင့်မရသေး
DVB
·
October 28, 2017
ဖမ်းဆီးခံရသည့် သတင်းထောက်များကို မိသားစုဝင်များ တွေ့ခွင့်မရသေး
Donate to DVB

နေပြည်တော်လွှတ်တော်ဝန်းအနီးမှာ ဒရုန်းနဲ့ ရိုက်ကူးဖို့ လုပ်နေတုန်း အဖမ်းခံရတဲ့ တူရကီအခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနက သတင်းထောက်နှစ်ဦးရဲ့ စကားပြန် အောင်နိုင်စိုးရဲ့ မိဘတွေဟာ ဒီကနေ့ နေပြည်တော်ကိုလိုက်လာပြီး တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် မရသေးဘူးလို့ သိရပါတယ်။

“အမှတ် ၅ ရဲစခန်းက စခန်းမှုနဲ့ သွားတွေ့တယ်။ တွေ့တော့ လက်ရှိရမန်ယူဖို့ လုပ်နေတယ်။ အမှုကတော့ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုတည်ဆောက်ထားတယ်လို့ ပြောတယ်။ နောက် ပျဉ်းမနားအချုပ်မှာ ချုပ်ထားတယ်လို့ ကြားရလို့ ပျဉ်းမနားအချုပ်ကို သွားပြီး သူ့မိဘနှစ်ပါးက တွေ့ဖို့ ကြိုးစားတဲ့အခါမှာတော့ စစ်ကြောရေးဝင်နေတဲ့အတွက် တွေ့ခွင့်မပေးနိုင်ဘူးလို့ ပြောပါတယ်။ တစ်ရက်နှစ်ရက်နေပြီးရင်တော့ တွေ့ခွင့်ပေးမယ်လို့ သူတို့ဘက်က ပြောပါတယ်။ ဒါကတော့ စခန်းမှူးပြောတာပါ။ အချုပ်ကတော့ သူတို့ဒီမှာမရှိဘူးလို့ ပြောပါတယ်။ ဒီမှာ မရှိဘူးဆိုတာလည်း စခန်းမှူးပြောတဲ့အခါမှာ ပေါင်းပြီးတော့ စစ်နေတဲ့အခါမျိုးမှာတော့ ဒီအချုပ်မှာ မရှိနိုင်ဘူးလို့ ပြောပါတယ်” လို့ စကားပြန်အောင်နိုင်စိုးမိသားရဲ့ကိုယ်စားလိုက်ပါဆောင်ရွက်ပေးသူ ကိုရဲထူးကပြောပါတယ်။

သူတို့အနေနဲ့ အမှုအတွက် ရှေ့နေငှားဖို့ လုပ်နေပြီး ဒီအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်ဘက်က ဖမ်းဆီးခံထားရတာကို အကြောင်းကြားတာမရှိသလို မီဒီယာအဖွဲ့အစည်းတွေဘက်က ဆက်သွယ်မေးမြန်း တာမရှိဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ ရှေ့နေနဲ့တော့ တိုင်ပင်နေပါတယ်။ ထူးဆန်းတာတခုက ဒီပြဿနာက အွန်လိုင်းစာမျက်နှာတွေပေါ်မှာရော အပြင်မှာရော တော်တော်လေးကို ဂယက်ရိုက်ပါတယ်။ ဒါပေမယ့် ထူးဆန်းတာက ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှလည်း ဆက်သွယ်ပြီး ဒီလို ဖြစ်နေတယ်လို့ မပြောပါဘူး။ မနေ့က အိမ်ကို လာပြီးရှာဖွေတဲ့အချိန်မှာတော့ သူတို့ အဖမ်းရတဲ့အကြောင်း ပြောပါတယ်။ ဘယ်မှာ ချုပ်ထားတယ်၊ ဘယ်မှာရှိတယ်၊ ဘာ အမှုနဲ့ တရားစွဲတယ် ဘာမှ မပြောပါဘူး။ အဲလိုပါပဲ တစ်ဖက်က မီဒီယာအဖွဲ့အစည်းတွေကလည်း ကျနော်တို့ကို လာရောက် ဆက်သွယ်တာမျိုး ဖုန်းနဲ့ဖြစ်ဖြစ်၊ အွန်းလိုင်းက ဖြစ်ဖြစ် ဆက်သွယ်ပြီး မိသားစုဝင်တွေအတွက် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ဆိုတာမျိုး ပြောတာ လက်ရှိ အချိန်ထိမရှိသေးပါဘူး။ အခုလော လောဆယ်တော့ ကျနော်တို့က ကြားသတင်းပဲရှိတယ်ဗျ။ ကြားသတင်းဆိုတာ သူတို့နဲ့ နိုင်ငံခြားသားတွေနဲ့ သက်ဆိုင်တဲ့ သံရုံးတွေကတော့ စတင်ပြီး လှုပ်ရှားနေတယ်လို့ ဒီလိုပဲ ကြားနေရတာပေါ့။ အဲသံရုံးတွေကလည်း ကျနော်တို့ဆီ ဆက်သွယ်လာတာမရှိပါဘူး။ သတင်းဌာနကတော့ ကျနော်တို့ဆီ လှမ်းဆက်ပါတယ်။ သူတို့ အနေနဲ့ ဘာလုပ်ပေးလို့ရမလည်းပေါ့။ ဘာလုပ်ပေးလို့ရမလဲဆိုတော့ ကျနော်တို့က လက်ရှိအခြေအနေကို ပြောပြတဲ့ အခြေအနေပဲရှိပါသေးတယ်။ သူတို့နိုင်ငံခြားသား နှစ်ယောက်အတွက်တောင်မှ ရှေ့နေငှားပေးဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။ ကျွမ်းကျင်တဲ့ ရှေ့နေငှားဖို့ပေါ့နော် ” လို့ ပြောပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့က လွှတ်တော်ဝန်းအနီးမှာ တူရကီအခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနက မလေးရှားနိုင်ငံသူ MOK CHOY LIN၊ LAUHON MENG တို့နဲ့ စကားပြန်ဖြစ်သူ အောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင် တို့ကို ဒရုန်းနဲ့ ရိုက်ကူးဖို့ကြိုးစားနေတာကို တွေ့ရှိတာကြောင့် ခေါ်ယူစစ်ဆေးမေးမြန်းခံနေရတာ ဖြစ်ပါတယ်။

သတင်းထောက် LAUHON MENG လွှတ်တင်ခဲ့တဲ့ ဒရုန်းဟာ ခွင့်ပြုချက်မရှိဘဲ တင်သွင်းလာကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် နမစ(၅) ၄၁/၂၀၁၇၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈နဲ့ အခုလို အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

သတင်း - နေဖြိုးဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013