DVB Logo
Home
မြန်မာသတင်း
ကျေးရွာအသုဘ လမ်းဖြတ်ခွင့်မပေး၍ တာဝန်ရှိသူများနှင့်ရဲက ဖြေရှင်း သင်္ဂြိုဟ်ခဲ့ရ
DVB
·
October 28, 2017
ကျေးရွာအသုဘ လမ်းဖြတ်ခွင့်မပေး၍ တာဝန်ရှိသူများနှင့်ရဲက ဖြေရှင်း သင်္ဂြိုဟ်ခဲ့ရ
Donate to DVB

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာမှာ ဘာသာရေး ဓလေ့အရ နာရေးလမ်းကို ဖြတ်သန်းသင်္ဂြိုဟ်ခွင့်မပေးတဲ့အတွက် မြေချဖို့အခက်အခဲဖြစ်နေတဲ့ အသုဘတခုကို အောက်တိုဘာ ၂၇ ရက်နေ့က ရဲတပ်သားတွေ ချထားပြီး ဖြတ်သန်းသင်္ဂြိုဟ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလမ်းဟာ စည်ပင်သာယာဌာနပိုင် လမ်းဖြစ်တဲ့အတွက် အသုဘဖြတ်သန်းခွင့်ကို ဒေသတွင်းအုပ်ချုပ်ရေးပိုင်းက ခွင့်ပြုပေးခဲ့ပေမယ့် အသုဘချလာချိန်မှာတော့ လူအုပ်စုက ဖြတ်သန်းခြင်းမပြုဘဲ ပိတ်ဆို့တားဆီးခဲ့တာကြောင့် အသုဘရှင်တွေ လိုက်လံပို့ဆောင်ပေးသူတွေနဲ့ တဖက်နဲ့တစ်ဖက်တင်းမာမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာကို ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့မှုး စတဲ့တာဝန်ရှိသူတွေ ရောက်ရှိလာပြီး ရပ်ရွာတာဝန်ရှိသူတွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး ရဲအင်အားချထားကာ လမ်းကိုဖြတ်သန်း သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဇင်ပြွန်းကုန်းကျေးရွာဒေသခံတဦးက ပြောပါတယ်။

ဇင်ပြွန်းကုန်းရွာမှာ အဲ့ဒီလမ်းအပြင် ပေ ၁၅၀၀ လောက်ရှည်တဲ့ ကျွဲလမ်းရှိပေမယ့် အဲ့ဒီလမ်းဟာ မိုးရာသီအချိန်မှာ ဗွက်ထကာ အသုံးပြုမရတဲ့အတွက် မိုးတွင်းအချိန်တိုင်း အဲ့ဒီရွာမှာ အခုလိုပြဿနာဖြစ်ပွားနေတာဖြစ်ပြီး မိုးကုန်လို့ မြေကြီးခြောက်ချိန်မှာတော့ တစ်ရွာလုံးကျွဲလမ်းကိုပဲ အသုံးပြုတဲ့အတွက် အဲ့ဒီလိုပြဿနာတွေ မရှိတော့ဘူးလို့ ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှုးရုံးက ဒုဦးစီးဦးရဲထက်အောင်က ပြောပါတယ်။

ဇင်ပြွန်းကုန်းရွာအနောက်ဘက်မှာ နေထိုင်သူတွေရဲ့ ဘာသာရေးဓလေ့အရ ရွာအရှေ့မှာ နေထိုင်သူတွေကို ဖြတ်သန်းကာ နာရေးချခွင့်မပေးတဲ့အတွက် မိုးတွင်းအချိန် ရွာအရှေ့ဘက်နေထိုင်သူတွေ နာရေးဖြစ်ပွားတိုင်း အခုလိုပြဿနာဖြစ်ပေါ်တာတွေ အဆုံးသတ်နိုင်ဖို့ ကျွဲလမ်းကို နွေမိုးဆောင်း အသုံးပြုနိုင်တဲ့ လမ်းအဖြစ် ပြုပြင်ပေးဖို့ကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းပေးသွားမယ်လို့ ကျုံပျော်မြို့နယ်ကိုယ်စားလှယ် ဒေါ်သီတာဇင်က ပြောပါတယ်။

ဧရာဝတီတိုင်း ငွေဆောင်မြို့မှာလည်း ယခုနှစ်မေလအတွင်းက နာရေးလမ်းကိုခြံခတ်ပြီး ဖြတ်သန်းခွင့်မပေးတဲ့အတွက် ၇ ရက်မြောက်နေ့မှ ရဲအင်အားတင်းကျပ်စွာချထားပြီး အလောင်းကို အုတ်တံတိုင်းမှ ကျော်ကာ မြေချခဲ့ရတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013