ရခိုင်မြောက်ပိုင်းတွင် အစားအသောက်များ ပြန်လည်ဖြန့်ဖြူးခွင့် WFP ရရှိ
DVB
·
October 28, 2017

ရခိုင်ပြည်နယ်မြောက်ပိုင်းကို အစားအသောက် ကူညီထောက်ပံ့ရေးအစီအစဉ်ကို ၂ လကြာလောက် ဆိုင်းငံ့ထားရာကနေ အစားအစာတွေ ပြန်လည်ဖြန့်ဖြူးဝေငှဖို့ မြန်မာအာဏာပိုင်တွေက သဘောတူလိုက်ပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာလ ၂၇ ရက်က ပြောပါတယ်။
ဒီသဘောတူညီမှုဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေထဲက ကလေးငယ်တွေ အာဟာရ မပြည့်ဝကြလို့ သေလုနီးပါး အခြေအနေကို ရောက်နေပြီဆိုတဲ့ ယူနီဆက်ဖ်က ထုတ်ပြန်လိုက်ပြီးနောက် ပေါ်ထွက်လာတာဖြစ်ပြီး၊ သဘောတူညီချက်ထဲက အသေးစိတ် အချက်အလက်တွေကိုတော့ လုပ်ဆောင်နေဆဲပါ။
WFP ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဗုဒ္ဓဘာသာဝင်နဲ့၊ မွတ်ဆလင်အသိုင်းအဝိုင်း ၂ ခုလုံးက လူပေါင်း ၁ သိန်း ၁ သောင်းလောက်ကို အစားအသောက် ရိက္ခာတွေ ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန်နောက်ပိုင်း ရခိုင်မြောက်ပိုင်းကို အစားအသောက် ဖြန့်ဖြူးဖို့ ဝင်ထွက်သွားလာဖို့ မဖြစ်နိုင်ခဲ့ပေမယ့် ရခိုင်ပြည်နယ် ဗဟိုနယ်မြေက လူပေါင်း ၁ သိန်း ၄ သောင်းလောက်ဆီကိုတော့ WFP ရဲ့ ကူညီပေးဝေမှုတွေ ဆက်လက်လုပ်ဆောင်ထားတယ်လို့လည်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဒုက္ခသည်ကလေးငယ် ၆ သောင်းလောက်ထဲမှာ ဆိုးဆိုးရွားရွား အာဟာရမပြည့်တဲ့ ကလေးငယ် ၂ ထောင်လောက်ရှိနေပြီး၊ နောက်ထပ် ကလေးငယ် ၇ ထောင်လောက်ကလည်း အတန်အသင့် အာဟာရမပြည့်တာကို ခံစားနေရတယ်လို့ ယူနီဆက်ဖ် ပြောခွင့်ရအမျိုးသမီး မာရီရှီး မာကာဒိုက ပြောပါတယ်။
လတ်တလော ထပ်ပြီးရောက်လာတဲ့အထဲက ကလေးငယ် ၃၄ဝ လောက်ကို စစ်ဆေးကြည့်တဲ့အခါမှာလည်း အာဟာရ မပြည့်ဝတာ၊ ဆိုးရွားပြင်းထန်တဲ့ အခြေအနေကို ရောက်လုနီးပါး ကလေးက ဆယ်ရာခိုင်နှုန်းလောက် တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။