ကျောက်တံခါးတွင် ဒဏ်ရာများနှင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
DVB
·
October 28, 2017

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြေခြားကျေးရွာမှာ ကျောက်တံခါးရေနံမှော် သွားတဲ့ လှည်းလမ်းဘေးမှာ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ရေနံမ နယ်မြေရဲစခန်းက ပြောပါတယ်။
“မြေခြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ရွှေက မြေခြားရွာရဲ့ အနောက်မြောက်ဘက် (၂) မိုင်လောက် အကွာမှာ လူတစ်ယောက်သေဆုံးနေတာ တွေ့တယ်လို့ ဖုန်းနဲ့ အကြောင်းကြားတော့ ကျနော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ကြည့်ရှုတော့ သေဆုံးသူဟာ မင်းဘူးစကုမြို့နယ် ကျွန်းဖျားကျေးရွာအုပ်စု၊ မကျည်းပင်ကိုင်း တဲတိုက်တွင်နေထိုင်သူ ဟန်ဇော်ဝင်း(ခ)သံဒိုး ဖြစ်ကြောင်းစုံစမ်းသိရပြီး ဦးခေါင်းထိပ် ၅ လက်မ ခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲဘက်လည်ပင်း ၅ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက် နဲ့သေဆုံးနေတာ တွေ့ရတယ်လို့" ရေနံမ နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ပြောပါတယ်။
ရေနံမနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၀၂ နဲ့အမှုဖွင့်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး