DVB Logo
Home
မြန်မာသတင်း
ကျောင်းအုပ်ဆရာမကြီးကို မုဒိမ်းကျင့်ခဲ့သူ ၂ ဦးအား အရေးယူမည်ဟု တီအန်အယ်လ်အေ ပြော
DVB
·
October 27, 2017
ကျောင်းအုပ်ဆရာမကြီးကို မုဒိမ်းကျင့်ခဲ့သူ ၂ ဦးအား အရေးယူမည်ဟု တီအန်အယ်လ်အေ ပြော
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား မုဒိမ်းမှုကျူးလွန်ခဲ့သူ တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် ၂ ဦးကို စည်းကမ်းဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ တီအန်အယ်လ်အေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် မနက်စောစောက တီအန်အယ်လ်အေ တပ်သား ၂ ဦးဟာ ဆရာမကြီးကို မုဒိမ်းကျင့်ခဲ့ကြောင်း တိုင်ကြားချက်ကို မနက်မိုးလင်းမှ သိရှိရပြီးနောက် ချက်ချင်း သူတို့နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်သလို နေ့ခင်းပိုင်းမှာ ဆရာမကြီးကို ပြန်လည်ဝန်ချ တောင်းပန်ခိုင်းခဲ့တယ်လို့ တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီကိစ္စကို စစ်ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူပါမယ်။ ဒီကိစ္စရပ်မျိုး ကျနော်တို့ တားမြစ်ထားတာရှိတယ်။ သူတို့ ဘာကြောင့် အဲလိုကျူးလွန်ရလဲဆိုတာ အသေးစိတ်တော့ မသိရဘူး။ အဲဒီဖြစ်တဲ့နေ့မှာပဲ သူတို့အထက်အရာရှိကိုယ်တိုင် နှစ်ယောက်လုံးကိုခေါ်ပြီး  ကျောင်းဆရာမကို သွားပြီးတော့ ဝန်ချတောင်းပန်ခိုင်းတယ်။ ပြီးတော့ ဖမ်းပြီး အချုပ်ထဲထည့်ထားတယ်။ ကျနော်တို့ စစ်ဦးစီးချုပ်ကိုယ်တိုင် ခုံရုံးဖွဲ့ပြီး စစ်ဆေးအပြစ်ပေးမှာ ဖြစ်တယ်။ ဒီလိုမျိုးအပြစ်က ထောင်ဒဏ်တနှစ်ကနေ သေဒဏ်အထိ ပေးလို့ရပါတယ်။ ဆရာမအတွက် နစ်နာကြေးတွေလည်း ခုံရုံးက စစ်ဆေးပြီးမှ သိရမှာပါ” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက်မဲမြို့နယ် ပညာရေးရုံးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျဆရာမတဦးက ဖြစ်စဉ်မှန်ကန်ကြောင်း၊ ပညာရေးမှူးနဲ့ မိဘဆရာအသင်းလည်း လောလောဆယ် ဒီကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေး လုပ်နေကြောင်း ပြောပါတယ်။

ကျောက်မဲမြို့နယ် ပညာရေးမှူးက ကျောက်မဲမြို့နယ် ထွေအုပ်ရုံးကို တိုင်ကြားထားတဲ့ စာထဲမှာတော့ တီအန်အယ်လ်အေစစ်သား ၂ ဦးဟာ အခင်းဖြစ်တဲ့နေ့ မနက် ၁ နာရီလောက်က ကျောင်းအုပ်ဆရာမကြီးရဲ့ နေအိမ်ထဲကို လက်နက်ကိုင်ဆောင် ဝင်ရောက်ကာ အိမ်ထဲက ပစ္စည်းတွေ ရှာဖွေပြီး လက်ကိုင်ဖုန်း ၂ လုံး ယူသွားကြောင်း၊ အဲဒီနောက် ဆရာမကြီးကို မုဒိမ်းကျင့်ကာ မနက် ၃ နာရီအချိန်မှာ ပြန်ထွက်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

မန့်ခေါက်ကျေးရွာဟာ ကျောက်မဲမြို့ မြောက်ဘက်မှာရှိပြီး မြို့နဲ့ ၄၅ မိုင်လောက်ဝေးတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013