မြန်မာနှင့် အီသီယိုးပီးယားကို ကမ္ဘာ့ဘဏ်အုပ်စုက Star Reformers ဆုချီးမြှင့်
ပြုပြင်ပြောင်းလဲမှုတွေ သိသာထင်ရှားအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် မြန်မာ အစိုးရနဲ့ အီသီယိုပီးယားနိုင်ငံ အစိုးရတွေတို့ကို ကမ္ဘာ့ဘဏ်အုပ်စုက Star Reformers Award ဆုပေးအပ် ချီးမြှင့်လိုက်ပါတယ်။
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယှဉ်ပြိုင်မှုဆွေးနွေးပွဲဖိုရမ်မှာ ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာအစိုးရအား 'Star Reformers Award'' ကို ချီးမြှင့်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက လက်ခံရယူခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဒီဆုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီးဝင်လာအောင် ဆွဲဆောင်နိုင်တာ၊ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ လွယ်ကူရှင်းလင်းအောင် ဆောင်ရွက်နိုင်တာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှ နည်းပညာတွေ ပြည်တွင်းလုပ်ငန်းတွေကို လွှဲပြောင်းရရှိစေတာနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာက အသိအမှတ်ပြုရလောက်အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်တာ စတဲ့ အချက်တွေကို အခြေခံပြီး ရွေးချယ်ခဲ့တာပါ။
ကမ္ဘာ့ဘဏ်အုပ်စုမှ Star Reformers Award ၊ Strong Reformers Award နဲ့ Aspiring Reformers Award ဆုအမျိုးအစား ၃ မျိုးကို ချီးမြှင့်တာမှာ Star Reformers Award ဆုက အမြင့်ဆုံးဆုအမျိုးအစား ဖြစ်ပါတယ်။
ဓာတ်ပုံ-MOI











